မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဟူးကောင့်ဒေသမှာ ရွှေမှော်အသစ်တိုးချဲ့တာ၊ စည်းကမ်းမဲ့ရွှေတူးနေတာကို ရပ်တန့်ပေးဖို့ဒေသခံများတောင်းဆို

ကချင်ပြည်နယ် ဟူးကောင့်ဒေသတစ်လျှောက် တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူး ဖော်မှုတွေကြောင့် ချောင်းရေများပျက်စီးပြီး ဒေသခံပြည်သူတွေရဲ့ ကျွဲ၊ နွားသေဆုံးတာအပြင် လယ်ယာမြေပျက်စီးဆုံးရှုံးတာလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIA/KIO ရဲ့ ခွင့်ပြုချက်နဲ့ ရွှေမှော်အသစ်ဖွင့်လှစ်လိုက်တာကြောင့် ရွှေတူးဖော်မှုဟာပိုဆိုးရွာလာပြီး ဒေသခံတွေရဲ့ အိမ်ခြံမြေအနီးနားအထိ တူးဖော်လာနေတယ်လို့ ဆိုပါတယ်။  

ကားလမ်းမ ကမ်းပါးတွေအထိ ရွှေတူးဖော်လာတော့ ခြံတွေထိခိုက်လာတယ်။ ရွာသားတွေက ကိုယ့်ခြံ၊ လယ်ယာမြေကမ်းပါးတွေပြိုလာတာကြောင့် သွားပြောဆိုလဲမရ၊ ဒုက္ခရောက်နေတယ်။ သူတို့ကခြံအနီးကပ်တူးဖော်လာတော့ ကိုယ့်အိမ်ခြံဝင်းနားတွေအထိ မလုပ်ကြနဲ့လို့ ပြောလဲမရတာကြောင့် ဒုက္ခရောက်နေတာ ဟုတ်တယ်။လို့ နောင်းမီဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လီဒိုလမ်းမပေါ်က ဒွန်ဘန်၊ မန်ပန်၊ နောင်းမီ၊ ဝါရာဇွပ်၊ ဘန်ကောက်၊ စံပြ၊ ရှဒူးဇွပ်၊ ကောင်ရာ စတဲ့ကျေးရွာတစ်လျှောက် အရင်ကတည်းကရွှေတူးဖော်တာတွေရှိခဲ့ပေမဲ့  ၂၀၂၄ ခုနှစ်ကစပြီး

ကျေးရွာနယ်မြေတွေထဲအထိ အလွန်အကျွံရွှေတူးဖော်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ရွှေတူးဖော်နေသူတွေထဲမှာ ဒေသခံတချို့လည်းပါဝင်သလို အများစုဟာတစ်ခြားနယ်ကလာရောက်လုပ်ကိုင် တဲ့လုပ်ငန်းရှင်တွေဖြစ်ပြီး စက်ယန္တရားကြီးတွေနဲ့အလွန်အကျွံ တူးဖော်နေကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိ နောင်းမီကျေးရွာတစ်ခုတည်းမှာတင် ရွှေဆိုင်းလုပ်ကွက် ၁၀၀ ကျော်ရှိပြီး ကျေးရွာလမ်းမကြီး ကမ်းပါးနားအထိတူးဖော်နေတဲ့အပြင် ရွာသားတွေရဲ့ အိမ်ခြံဝင်းအထိတူးဖော်နေကြတယ်လို့ဒေသခံတွေက ပြောပါတယ်။ 

ခုလို ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ ကျွဲ၊နွား သေဆုံးမှုနှုန်းလည်း ပိုမိုမြှင့်တက်လာတဲ့အပြင် လယ်ယာမြေဆုံးရှုံးမှုလည်း ပိုမိုများပြားလာတယ်လို့ ပြောပါတယ်။

လယ်ယာခြံမြေတွေ ပြိုကျပျက်စီးကုန်တယ်။ တချို့ ခြံမြေတွေက ရောင်းလိုက်ကြတယ်။ ကိုယ့်ခြံမြေမရောင်းချင်ပေမဲ့ ကိုယ့်အိမ်နီးချင်းကရောင်းလိုက်တော့ အဲဒီအိမ်နီးချင်းမှာ ရွှေပြန်တူး သူတို့က ဘတ်ဖိုးနဲ့ကုတ် ပေ ၁၀၀ လောက်နက်အောင်တူးတော့ ကိုယ့်ခြံမြေလည်း လိုက်ပါပြိုလာတယ်။ ဆိုတော့ ကိုယ်ကလည်း မရောင်းချင်ပေမဲ့ပြန်ရောင်းလိုက်ရတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့် အိမ်ခြံမြေ၊ လယ်ယာတွေကုန်လာတယ်။ ရေလမ်းကြောင်းလည်း အကုန်လွဲကုန်တာကြောင့် လယ်ယာတွေထဲမှာလည်း ရေပြည့်နေတာတွေကြုံရတယ်။” လို့ နောင်းမီဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့ကျေးရွာတွေမှာ စားကျက်မြေမရှိတော့တဲ့အပြင် ကျွဲ၊ နွား တိရိစ္ဆာန်သောက်သုံးတဲ့ အင်းရေ၊ချောင်းရေတွေမသန့်ရှင်းတော့တဲ့အပြင် ရွှေလုပ်ကွက်ကျင်းဟောင်းတွေမှာ ကျွှဲ၊နွားပြုတ်ကျသေဆုံးတာတွေကြောင့် နှစ်တိုင်း ကျွဲ၊ နွားအကောင် ၃၀ ဝန်းကျင်သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။

ခုလိုရွှေမှော်တွေအလွန်ပေါများလာတာနဲ့တစ်ပြိုင်နက် သူခိုး၊ ဓားပြပေါ်များလာပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ပိုမိုများပြားလာတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ရေးအခြေအနေကြောင့် ဒေသခံတွေစစ်ရှောင်နေချိန် ဒေသခံပြည်သူတွေရဲ့စပါးကျီတစ်ချို့က စပါးတင်း ၅၀၀ ကနေ ၁၀၀၀ ကြား ပျောက်ဆုံးတာတွေလည်းကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် စစ်ရေးအခြေအနေကြား ဟူးကောင့်ဒေသ လီဒိုလမ်းမတစ်လျှောက်မှာ ရွှေတူးဖော်ခွင့်ပြုနေတဲ့ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေနဲ့ဒေသခံပြည်သူတွေရဲ့ လယ်ယာခြံမြေတွေ ထိခိုက်နစ်နာစေမယ့်အရာတွေကိုရှောင်ပြီးရွှေမှော်အသစ်တိုးချဲ့တာတွေ၊ စည်းကမ်းမဲ့ ရွှေတူးနေတာတွေ ရပ်တန့်ပေးစေလိုတယ်လို့ ဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button