သတင်း

စစ်ဘေးရှောင်က‌လေး ၅ ဦးရေနစ်သေဆုံး

ကချင်နယ် တနိုင်းမြို့နယ် နမ့်ဗျူချောင်းမှာ ရေချိုးရင်း စစ်ဘေးရှောင် မိန်းကလေးငယ် ၅ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

အသက် ၁၃ နှစ်အောက် မိန်ကလေးငယ် ၅ ဦး ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက နမ့်ဗျူချောင်းမှာ ရေဆင်းချိုးရင်း ၅ ဦးလုံး ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

တနင်္ဂနွေနေ့က ဘုရားကျောင်းမှာ နွေရာသီသင်တန်းဆင်ပွဲလည်းပြုလုပ်တယ်။ ကျောင်းဆင်းပွဲပြီးလို့ အဲဒီကလေးတွေလည်း အဖွဲ့လိုက်တိုင်ပင်ပြီး သွားလိုက်ကြတယ်လို့ပြောတယ်။  မိဘတွေ တောင်မသိလိုက်ဘူး သူတို့သွားလိုက်တာ။ ဘုရားကျောင်းပြီးလို့ ၁ နာရီခွဲလောက်မှာဖြစ်သွားတာ ဟုတ်တယ်။ ၁၃ နှစ်ကလေးက အကြီးဆုံးပေါ့။ အားလုံး ၅ ယောက်ဟုတ်တယ်လို့ တနိုင်းမှာစစ်ရှောင်နေတဲ့ နမ့်ဗျူဒေသခံတစ်ဦးကပြောပါတယ်။

ရေနစ်သေဆုံးခဲ့သူတွေဟာ မလဖိုင် ဂျာဆိုင်းတောင် ( အသက် ၉ နှစ်) ၊ မ လဖိုင် ဂျာထွယ်ပန် ( အသက် ၁၃ နှစ် ) ၊ မ လခရီရွယ်အောင် ၊ မပေါမ် ဂျာဆိုင်းမိုင် ( အသက် ၇ နှစ် ) ၊ မ လမျှာနူးနူးမိုင် တို့ ၅ ဦးဖြစ်ကြောင်း သိရပါတယ်။

ဧပြီလ ၁၄ ရက်နေ့ နေ့လည်ပိုင်း အဲဒီကလေးငယ်တွေ ရေနစ်သေဆုံးခဲ့ပြီးနောက် ညနေပိုင်း ၅ နာရီထိ အလောင်း ၄ ခုတွေ့ရှိခဲ့ပြီး ဧပြီ ၁၅ မနေ့က သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ကလေးတွေဟာ တနိုင်း RC စစ်ရှောင်စခန်းကနေ ပြီးခဲ့တဲ့ နှစ်ကပဲ တနိုင်းမြို့ပတ်လမ်းဘက် နမ့်ဗျူချောင်းအနီးဘက် ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ နမ့်ဗျူ၊နမ်ခမ် ကျေးရွာက စစ်ဘေးရှောင်ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အရင်တုန်းက နမ့်ဗျူချောင်းမှာ အဲ့ဒီလိုရေနစ်သေဆုံးတာမျိုးမကြားဖူးဘူး။ ကလေးတွေ ရေနစ်သေဆုံးတဲ့သတင်းဆို အမြဲ အဲဒီတနိုင်းချောင်းမှာပဲ ဖြစ်လေ့ရှိတယ်။ အခု အဲဒီနမ့်ဗျူချောင်းနဲ့ စစ်ရှောင်တွေ နေနေတဲ့ နေရာက အနီးကပ်ဖြစ်တော့ ကလေးတွေက ရေဆော့ပြီလေ။ အခုဒီဖြစ်စဉ်လည်း ကလေးတွေ တိုင်ပင်စုဝေးပြီး သွားလိုက်ကြတာပေါ့။

တနိုင်းမြို့ရှိ နမ့်ဗျူ၊ နမ်ခမ် ၊ အောင်လောဒ် စတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေဟာ  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စစ်ရှောင်စခန်းတွေထဲအကြပ်အတည်းတွေဖြစ်လာတာကြောင့် စစ်ဘေးရှောင်တွေ စုပေါင်းပြီး တနိုင်းမြို့ပတ်လမ်းဘက် နမ့်ဗျူချောင်းအနီး မြေကွက်တွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဝယ်ယူပြီး နေထိုင်နေကြတာဖြစ်ပါတယ်။

တနိုင်းမြို့မှာ RC စစ်ရှောင်စခန်း၊ KBC စစ်ရှောင်စခန်းနဲ့ COC စစ်ရှောင်စခန်း စသဖြင့် စစ်ဘေးရှောင်စခန်းအသီးအသီးရှိပြီး အခုရေနစ်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ RC စစ်ဘေးရှောင်စခန်းမှ မြို့ပတ်လမ်းဘက် ပြောင်းရွှေ့နေထိုင်နေတဲ့ နမ့်ဗျူ၊နမ်ခမ် RC ငွေပျော်ကျေးရွာကဖြစ်တယ်လို့ သိရပါတယ်။

တနိုင်းမြို့ တနိုင်းချောင်းမှာ ကလေးငယ်တွေ ရေနစ်သေဆုံးမှုဖြစ်စဉ် နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလျက်ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button