လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။

ဘာမိုင်းလဲတော့မသိဘူး သူက အိမ်သာတက်ချင်တယ်ဆိုတာနဲ့ ဆိုင်ကယ်ကိုကားလမ်းဘေးရပ်ခဲ့ပြီးတော့ ခြုံထဲဝင်သွားတာ ၅ မိနစ်လောက်နေတော့ အသံကြားတာ မိုင်းလည်းကွဲပြီးရော သူကထအော်တာပဲလို့ပြောပါတယ်။

မြေမြုပ်မိုင်းနင်းမိသူဟာ အသက် ၃၃ နှစ်အရွယ် ကိုအောင်ထိုက်ဆိုသူဖြစ်ပြီး ခြေထောက်တစ်ဖက်ဖြတ် လိုက်ရသလို မျက်လုံးနှစ်ဖက် နဲ့ ခန္ဓာကိုယ်ဘယ်ဖက်ခြမ်း တို့မှာ မိုင်းဆထိမှန်တာကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ကိုအောင်ထိုက်တို့ဇနီး‌မောင်နှံဟာ ကွတ်ခိုင် နမ့်ပါချီရွာက ဖြစ်ပြီးတော့ သိန္နီမြို့ကို ဘူးခွံကောက်သွားပြီး အပြန်မှာ အခုလိုကြုံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုအတွက်အကူညီတွေလိုအပ်နေတယ်လို့ အမျိုးသမီးဖြစ်သူကဆက်ပြောပါတယ်။

ကျမတို့က သိန္နီမှာ ဘီယာဘူးခွံတွေပေါတယ်ဆိုပြီးသွားကောက်တာ အပြန်မှာဖြစ်တာ အကူညီလည်းမရ သေးဘူး အကူညီလည်းလိုအပ်နေပါတယ် တစ်နေ့လုပ်မှတစ်နေ့စားရတာလေလို့ပြောပါတယ်။

မြေမြုပ်မိုင်းနင်းမိတဲ့ ကိုအောင်ထိုက်အတွက် အကူအညီတစ်စုံတစ်ရာထောက်ပံ့လိုပါက 09 251393430 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ကစတင်ခဲ့တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲကျန်လက်နက်တွေနဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ်ကို တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ သိမ်းပိုက်ထိန်းချုပ်ထားကြပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေတဲ့မြို့ဖြစ်ပါတယ်။

ညီနောင်သုံးဖွဲ့က ၁ လ နီးပါးကြာ တိုက်ခိုက်ပြီးသိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဟာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ တွေ စစ်ရေးလှုပ်ရှားတဲ့မြို့လည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button