စစ်ပြေးဒုက္ခသည်များသတင်း

စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ဝင်ခွင့်မပြုသေး

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာတိုက်ပွဲဖြစ်တာမရှိတော့ ပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဒေသခံတစ်ချို့နေရပ်ပြန်ဝင် ခွင့်မပြုသေးဘူးလို့ ဟုမ္မလင်းကာကွယ်ရေးတပ်က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အနောက်ဘက် ဟုမ္မလင်းနယ်နဲ့ဖောင်းပြင်နယ်ကြား PDF တွေထိန်းချုပ်ထားတဲ့ ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမော်ကျေးရွာတွေမှာ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုတော့ နေရပ်ပြန်ဝင်ခွင့်မပေးထားသေးဘူးလို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲကတော့ငြိမ်နေတာကြာပြီ ကျွန်းကုန်းသိမ်းလိုက်တဲ့နောက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေမရှိတော့ဘူး။ ဒါပေမယ့် ဒေသခံတွေကိုတော့ကျွန်တော်တို့(ဟုမ္မလင်း PDF)ဘက်ကနေဝင် ခွင့်မပေးသေးတာဗျ ဘာလို့ဆိုသူတို့က ဆုံးရှုံးထားတဲ့နေရာတွေကို တစ်လ နှစ်လကြာတဲ့ပြီးတဲ့အထိကိုလေကြောင်းနဲ့ပြန်ပြီးလာတိုက်ခိုက်တာတွေရှိတယ်။ အဲ့ကြောင့်ပြည်သူတွေထိမှစိုးရိမ်လို့မဝင်ခိုင်းသေးတာလို့ ကပြောပါတယ်။

ဟုမ္မလင်းနယ်အနောက်ဘက် ကျွန်းကုန်းကျေးရွာစခန်းကို ဟုမ္မလင်းကာကွယ်ရေးပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့မှာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

မြေပြင်မှာကတော့စစ်ကောင်စီဘက်ကလည်း လှုပ်ရှားမှုမရှိတော့သလိုကျွန်တော်တို့ ဘက်ကလည်းလှုပ်ရှားတာမရှိဘူးငြိမ်နေတယ်။ ဒါပေမယ့်လည်းစစ်ရေးဆိုတော့ ရုတ်တရက်လည်းထဖြစ်နိုင်တယ်ပြီးတော့ စစ်ကောင်စီဟာ သူတို့ဆုံးရှုံးတဲ့နေရာတွေကိုအချိန်မရေးလာတိုက်နိုင်တယ် လွင်ကြီးရွာဆိုရင် သူတို့ဆုံးရှုံးလိုက်ပြီးနောက် နှစ်လကျော်ကြာမှဗုံးလာကျဲသွားတဲ့သာဓက တွေလည်းရှိနေတော့မခိုင်းသေးတာလည်းပါတယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိ ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမော်စတဲ့ကျေးရွာ  ရွာထဲက စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ဝန်းကျင်ရှိတာဖြစ်ပြီး ဘေးလွတ်ရာကျေးရွာတွေနဲ့တောတောင်တွေထဲမှာစစ်ဘေး ရှောင်နေရတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွာထဲကိုတော့ အမျိုးသားတွေလောက်ပဲတစ်ခါတလေ အိမ်လေးဘာလေးကြည့်ဖို့သွားတာ လောက်ရှိတယ်။ ပုံမှန်အားလုံးကရှောင်နေရတုန်း ချင်းတွင်းမြစ်ဘေးကရွာတွေဆိုတော့မြစ်ရိုးတစ်လျောက်တောတောင်တွေထဲမှာရှောင်နေသူတွေလည်းရှိတယ် နီးစပ်ရာရွာတွေမှာလည်းရှိတယ်။ နောက်ထပ်ကြာလာရင်တော့အခက်အခဲက စားဝတ်နေရေးတော့ ကျန်းမာရေးပိုင်းတွေတော့ထိခိုက်လာမှာဗျ မိုးလည်းကျတော့မှာဆိုတော့လို့ သူကပြောပါတယ်။

လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေ မတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ပြီး ဧပြီ ၈ ရက်နေ့အထိ ၁၀ ရက်သာတိုက်ပွဲအတွင်း ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေ ကိုသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟုမ္မလင်းနယ်နှင့် ဖောင်းပြင်နယ်ထဲက PDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဟုမ္မလင်းအနောက်ဘက်ခြမ်းကကျေးရွာတွေ၊ ဟုမ္မလင်း အရှေ့ဘက်ခြမ်းကကျေးရွာတွေနဲ့ ဖောင်းပြင်နယ်ထဲက ကျေးရွာတွေအများအပြားကိုထိန်းချုပ်ထားနိုင်ပြီး ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေအတွက် ရေကြောင်းထောက်ပို့အသုံး ပြုရာမှာအရေးပါတဲ့ ရွှေပြည်အေးမြို့ကိုလည်း PDF တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button