သတင်း

နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေ နန့်ယားကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားကျေးရွာထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

ချိတ်ပိတ်ထားတဲ့နေအိမ်တွေကို ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကနေစပြီးပြန်ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နန့်ယားကျေးရွာထဲကရပ်မိရပ်ဖတစ်ဦးက KNG ကိုပြောပါတယ်။

ကျနော်တို့ဒီချိတ်ပိတ်တယ်ဆိုတဲ့ဟာက ပထမလတ်တလောမှာတော့ဟုတ်ပါတယ် ချိတ်ပိတ်လိုက်တယ်။ ဒါပေမယ့်လို့အခုအုပ်ချုပ်ရေးလိုင်းကနေပြီးမှပြန်ဝင်လာတဲ့အခါမှာတော့ ဒီမူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတဲ့ဥစ္စာတွေကတော့ သူတို့ရဲ့မိဘတွေကလုပ်တယ်ဆိုရင် သားသမီးတွေက သူ့အိမ်လေးနဲ့သူလာနေပါစေ ယောင်္ကျားဖြစ်သူကလုပ်တယ်ဆိုရင် မိန်းမတွေကလာနေပါစေဆိုပြီး အကုန်လုံးကိုပြန်ဝင်ခွင့်ပေးထားပါတယ်လို့ ပြောပါတယ်။

KIA အနေနဲ့ နန့်ယားကျေးရွာထဲမှာရှိတဲ့ နေအိမ်ဆယ်လုံးခန့်ကို မူးယစ်ဆေးဝါးရှောင်းဝယ်ဖောက်ကားမှုနဲ့ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ချိတ်ပိတ်တာကိုဖြေလျော့လိုက်ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုတော့ ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဟုတ်ကဲ့အဲ့ဒီရောင်းတဲ့လူကိုတော့ နာမည်နဲ့ကျော်စောတဲ့လူတွေကိုတော့ စစ်ဆေးဖို့ရာဆိုပြီးမှခနထိန်း သိမ်းထားပါတယ်။ သူတို့KIA တရားရုံးကနေပြီးတော့မှ ဆုံးဖြတ်ချက်ကို စောင့်ရမယ်ဗျသူတို့ဟိုမှာစစ်ရေးပြီးတဲ့ အခါကျမှဒီလူကဘယ်လိုအပြစ်ဒဏ်နဲ့ထိုက်သင့်တယ်ဆိုတာသူတို့ကပေးပါမယ်လို့ပြောတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအပြင် သံသယအဖြစ်ဖမ်းဆီးထိန်းသိမ်းထားသူ လက်ရှိ ၁၀ဦး ထက်မနည်းရှိပြီး စစ်ဆေးနေဆဲဖြစ်တာကြောင့် လူဦးရေစာရင်းအတိအကျကို ဖော်ပြလို့မရသေးဘူးလို့သိရပါတယ်။

နန့်ယားကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်သွားကြတဲ့ ထောင်ချီတဲ့ နန့်ယားပြည်သူတွေကို မနေ့က ဧပြီ ၁၇ ရက်နေ့ကနေ နေရပ်ပြန်ဝင်ခွင့်ပေးလိုက်ပြီဖြစ်ပြီး ဒီနေ့ နေ့လည်ပိုင်းအထိ ထက်ဝက်ကျော်လောက် နေရပ်ပြန်ဝင်နေကြပြီလို့သိရပါတယ်။

လက်ရှိ KIAKPDF တွေထိန်းချုပ်ထားတဲ့ နန့်ယားကျေးရွာဟာအိမ်ခြေ ၇၀၀ ကျော်ရှိဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ် လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ် ၂၅ လုံးမီးလောင်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။

နန့်ယားကျေးရွာကို KIA KPDF ပူးပေါင်းတပ်တွေက ဧပြီ ၁၁ ရက်နေ့မနက်ပိုင်းမှာထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိဖားကန့်မြို့နယ်ထဲက ဝှေခါ၊ တာမခံ ၊ဆယဇင်းစတဲ့ကျေးရွာတွေကိုလည်းထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button