လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခါမ်းပါတ်နဲ့ ကလေးမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၃ ယောက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့နယ်နဲ့ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၂ ရက် နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်က ကလေးမြို့နဲ့ခါမ်းပါတ်မြို့ နှစ်ခုအစပ်က စောဘွားရေရှင်ဆိုတဲ့ရွာနဲ့ ခါမ်းပါတ်မြို့ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီဒေသကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားသလို အရပ်သားတွေပုံမှန်အတိုင်းလည်ပတ်နေထိုင်နေကြတဲ့နေရာဖြစ်တယ် လို့ဒေသခံ တစ်ယောက်ကပြောပါတယ်။

ကလေးနဲ့တမူးနယ် ခါမ်းပါတ်အစပ်ကို ဗုံးကြဲသွားတာ အဲ့ဒေသမှာဘာတိုက်ပွဲမှမရှိဘူး အကြောင်းမဲ့ပဲ ပစ်ချ သွားတာ အရပ်သားတွေအားလုံး ပုံမှန်လိုနေတဲ့နေရာလည်းဖြစ်တယ် ဒီဒေသက NUG ကိုလည်း လက်ခံထားတယ် ကာကွယ်ရေးတွေကိုရောပေါ့ စစ်ကောင်စီကတော့မစားရတဲ့အမဲသည်းနဲ့ပတ်တဲ့ပုံစံပေါ့” လို့ပြောပါတယ်။

စစ်ကောင်စီတပ်က လူတွေအိပ်မောကျတဲ့အချိန်ဖြစ်တဲ့ မနက် ၂ နာရီမှာ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ခါမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်က အသက် ၄၀ ခန့်အရွယ်အမျိုးသားတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ယောက်၊ ကလေးမြို့နယ် စောဘွားရေရှင်ရွာက အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ယောက်တို့သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၅ လုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့ရ တယ်လို့ ဒေသခံတွေကပြောပါတယ်။

သူတို့က နာရီလူတွေအိပ်မောကျတဲ့အချိန်မှာဗုံးကြဲသွားတာ အရင်ဆုံးခါမ်းပါတ်ကိုကြဲသွားတယ် ပြီးမှ ကလေးနယ် စောဘွားရေရှင်ကိုကြဲသွားတာ အခုလေကြောင်းတိုက်ပြီးတဲ့အချိန်တော့ စစ်ရေးတော့ ဘာမှ မထူးပါဘူး လောလောဆယ်ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်မှာလည်း စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၉ ယောက်အပါအဝင် အရပ်သား ၁၇ ယောက်သေဆုံးခဲ့ရပါ သေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဟာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ခါမ်းပါတ်မြို့အပါအဝင် မော်လူး၊ ရွှေပြည်အေး စတဲ့မြို့၃မြို့ကို သိမ်းယူထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button