သတင်း

ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီလေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက်လည်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဂျက်ဖိုက်တာနဲ့လာကြဲသွားတာ အရပ်သားတွေပဲ ၃ ယောက်ထိသွားတယ်။ အဲ့ရွာက မြို့နဲ့လည်းမဝေး ပါဘူး အရပ်သားတွေချည်းပဲ စာသင်ကျောင်းနဲ့ အိမ် ၇လုံးလောက် ခေါင်မိုးတွေပွင့်ထွက်သွားတယ် နေအိမ်တစ်လုံး ကတော့မီးလောင်ပျက်ဆီးသွားတယ်လို့ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ယောက်ကတော့ လက်မောင်းဒဏ်ရာရခဲ့ပြီး ကျန်တဲ့ အမျိုးသားနှစ်ယောက်ကတော့ တင်ပါးဆုံ၊ ပေါင်တို့မှဒဏ်ရာရခဲ့ပြီး နားထင်ထိမှန်တဲ့တစ်ယောက်ကတော့ အခြေနေစိုးရိမ်ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ ကျောက်ထုံးကြီးတိုက်နယ် မြိုင်သာယာဆိုတဲ့ရွာဖြစ်ပြီး စာသင်ကျောင်း နဲ့ သရက်ခြံတို့မှာ ဗုံး ၂ လုံးစီ ကြဲချခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိသလို ဘယ်အဖွဲ့အစည်းကမှ စစ်ရေးလှုပ်ရှားနေတာမျိုးမရှိဘူးလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဘာမှမရှိပဲနဲ့ကို အရပ်သားပစ်မှတ်ကိုတမင်လာလုပ်သွားတာပါ စစ်ရေးလှုပ်ရှားတာမျိုးလည်းမရှိပါဘူးလို့ပြောပါတယ်။

ဒါ့အပြင်ဒီကနေ့ မနက်ပိုင်းမှာလည်း ကသာမြို့နယ်ကမြစ်ရဲ့ အောက်ဘက်ခြမ်း မြို့ရဲ့တောင်ဘက်က ရွာတွေ ကို စစ်ကောင်စီကစစ်ကြောင်းထိုးနေပြီးတော့ လက်နက်ကြီးသံတစ်ချို့ လည်းကြားနေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့မြိုင်သာယာရွာဟာ ကသာမြို့နယ် အရှေ့မြောက်ဘက်ခြမ်း မြို့နဲ့ ၄ မိုင်လောက် အကွာမှာပဲ ရှိတဲ့ရွာလို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင်မြို့နယ်ထဲက ကမ်းနီရွာကို စစ်ကောင်စီ က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကမ်းနီရွာဈေး နဲ့ ဆေးပေး ခန်းနေရာတွေမီးလောင်ပျက်ဆီးခဲ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၇ ယောက်ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီးတော့ ၂ ယောက်က တော့ အရေးပေါ်ကုသမှုခံယူနေရတယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button