သတင်း

မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဥ်းထောင်က ထောင်ပိုင်လေး၊ ထောင်ဆေးရုံ ဆရာဝန်အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို အထူးစုံစမ်းရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM_) မှတာဝန်ရှိသူ တစ်ဦးက KNG ကို ပြောပါတယ်။

ဧပြီလ ၁၈ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပက်သက်ပြီး အကျဉ်းထောင်မှာဆန္ဒပြဆူပူမှုဖြစ်ရာ ရဲနဲ့စစ်သားတွေက ငြိမ်းချမ်းစွာမဖြေရှင်းဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်နိုင်ငံရေးအကျဉ်းသားနှစ်ဦးအပါအဝင် အကျဉ်းသားလေးဦးသေဆုံးခဲ့ကာ နောက်ထပ် ၈ ဦးဒဏ်ရာရရ်ှိထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အကျဉ်းထောင်ဝန်ထမ်း ၅ ဦးဟာအကျဉ်းသားတွေကို သတ်ဖြတ်မှုမှာပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးစုံစမ်းရေးတပ်ဖွဲ့တို့က ဧပြီလ ၂၄ ရက်နေ့က လာဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ရဲနဲ့စစ်သားတွေကိုတော့ ဖမ်းဆီးစစ်ဆေးခြင်းမျိုးမပြုလုပ်ဘဲနဲ့ ခေတ်ကာလ အဆက်ဆက်အရ အနိမ့်ဆုံးဝန်ထမ်းတွေဖြစ်တဲ့ အကျဥ်းဦးစီး ဝန်ထမ်းတွေအပေါ် အပြစ်ပုံချလိုက်တာ ဖြစ်တယ်လို့ PPNM အဖွဲ့ရဲ့ တာဝန်ရှိသူက ခုလိုပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၂၁ ရက်နေ့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ၈ ဦးထဲက ကိုယိန်းဘောမ်လည်းထမ်မံသေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း  စစ်ကောင်စီဘက်က အကျဉ်းသားထပ်ပြီးသေဆုံးတာနဲ့ပတ်သက်တစ်စုံတစ်ရာဖော်ပြခြင်းမရှိ‌သေးဘူးလို့ PPNMအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ခုလိုပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ အဲဒီဖြိုခွင်းမှုမှာ ရရှိခဲ့တဲ့ ရိုက်နှက်နှိပ်စက် ဒဏ်ရာတွေကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်။ သေနတ်ဒဏ်ရာ ဘယ်နားမှာ ရရှိလဲဆိုတာကို  အသေးစိတ်ကိုတော့ မသိရှိနိုင်ပေမယ့် ဖြိုခွင်းမှုဒဏ်ရာနဲ့ သေနတ်ဒဏ်ရာကြောင့် ထပ်ပြီးသေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ အကျဉ်းဦးစီး၊ ရဲ၊စစ်သားတွေဟာ ဥပဒေကို ကျော်လွန်ပြီး သတ်ဖြတ်မှုတွေကို ပေါ်တင်ကျူးလွန်လာသလို  ထောင်တွင်းပြဿနာတွေကို ငြိမ်းချမ်းစွာမဖြေရှင်း ခုလိုအကြမ်းဖက်ဖြေရှင်းတာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ PPNM တာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ဆူပူဆန္ဒပြရာမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းသား(၁၉)ဦးကိုလည်း တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ရန် ပြင်ဆင်နေတယ်လို့ PPNMကနေပြီးတော့ ထုတ်ပြန်ထားပါတယ်။

By – Hope

Show More

Related Articles

Back to top button