ဖမ်းဆီးခံရမှုသတင်း

ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ မြေသယ်ကား ၇ စီးဟာ တရုတ်ပြည်နယ်ကနေဝင်လာတဲ့မြေသယ်ကားကြီးတွေဖြစ်ပြီး ဖားကန့်မြို့ကကျောက်စိမ်း လုပ်ကွက်တွေမှာအသုံးပြုဖို့ ဖားကန့်ကိုသွားတဲ့အချိန် မနေ့က မနက်ပိုင်းမှာပဲဖမ်းဆီးခံရကာ ၁၀ နာရီဝန်း ကျင်လောက်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

တရုတ်ပြည်ကဝင်လာတဲ့မြေသယ်ကားအကြီးကြီးတွေပေါ့ ၇ စီးတဲ့ဗျ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေပေါင်း ပြီး မီးရှို့လိုက်တာတဲ့ သူတို့က သိန်းထောင်ချီတောင်းတယ်တဲ့ အဖွဲ့တွေလည်းများတယ်ဗျအဲ့လမ်းက ပေးရ ကမ်းရတာ အဆင်မပြေဘူးလား ဘယ်လိုလည်းတော့မသိဘူး ပွင့်ဖြူဂိတ်နဲ့အဲ့နားကရွာကြားပေါ့လို့ပြောပါတယ်။

မြေသယ်ကားတွေကို ဖမ်းဆီးမီးရှို့ခဲ့တာကတော့ ဟိုပင်မြို့နယ်က ခလရ ၄၀ ၊ မိုးညှင်းမြို့နယ်အခြေစိုက် ခလရ ၁၅ နဲ့ ဟိုပင်ဒေသတစ်ဝှိုက်က ပြည်သူ့စစ်တွေပေါင်းပြီး အခုလိုလုပ်ခဲ့တာလို့ ဒေသခံတွေကပြောပါ တယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ဟိုပင်မြို့နယ်အခြေစိုက် ခလရ ၄၀ တပ်ရင်းကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဆင်ဘိုတိုက်ပွဲဖြစ်တော့ အဲ့ဘက်ကိုပစ်ကူတာလို့ပြောတယ် ၃ ကြိမ်လောက်ပစ်တာ ကားပေါ်မှာတင်ထားပြီး ပစ်လို့ရတဲ့ဟာ တစ်ခါပစ်ရင်အတွဲလိုက်အတွဲလိုက်ထွက်တာလေ အသံကလည်းတော်တော်ကျယ်တယ်လို့ပြောပါတယ်။

လက်နက်ကြီးကတော့ 12mm MLRS အမျိုးအစား ကားပေါ်ကနေအတွဲလိုက်ပစ်ဒုံး အမျိုးအစားဖြစ်ပြီး ဆင်ဘိုမြို့သိမ်းတိုက်ပွဲကို ပစ်ကူပေးတာလို့တစ်ချို့ကပြောကြပေမဲ့ ဟိုပင်နဲ့ဆင်ဘိုမြို့ဟာအလွန်ဝေးတာကြောင့် ဟိုပင်ကာကွယ်ရေးတပ်ဘက်ကတော့ စမ်းသပ်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မိုးကောင်း၊ဟိုပင်နဲ့ မိုးညှင်းဒေသတစ်ဝှိုက်မှာ ပြီးခဲ့တဲ့ ဧပြီလ ပထမအပတ်လောက်ကတည်းကစတင်ပြီးတော့ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေပူးပေါင်းပြီး ဂိတ်တွေအထိုင်ချကာ ငွေကြေးကောက်ခံတာတွေ ဆက်တိုက်လုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button