တိုက်ပွဲသတင်း

ဆယ်ဇင်းအနီး သံယောဇဥ်‌မှော်မှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA၊KPDF တို့တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ် ရွှေမှော်မှာ တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော်  KIA KPDF တပ်တို့ကြားတိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်ဝေးပြီး ကချင် နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသအခေါ်(သံယောဇဥ်ကုန်း)မှာ ဧပြီ ၂၆ ရက်နေ့ည ၈နာရီလောက်ကနေ ဒီကနေ့ ၂၉ ရက်နေ့အထိနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

မနေ့က တစ်ညလုံးပစ်ကြတာပါ့ ဒီနေ့လည်းထပ်ပစ်နေကြတယ် ဆယ်ဇင်းနဲ့က သုံးမိုင်လောက်ဝေးတော့လက်နက်ကြီးသံတွေပဲ ကြားရတယ် အခုနေ့လည်ပိုင်းတော့နည်းနည်း ငြိမ်နေတယ်။ မနေ့ကတစ်ညလုံးတစ်မနက်လုံးပစ်နေကြတာလို့ သူကပြောပါတယ်။

သံယောဇဥ်မှော်ဟာ ဆယ်ဇင်းနဲ့စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်ထဲက နန့်တောကြားထဲမှာရှိတာဖြစ်ပြီး SNA ရဲ့ အထိုင်တပ်ရှိတာဖြစ်တယ်လို့သိရပါတယ်။

သိရသလောက်တော့ သံယောဇဥ်ကုန်းထဲက ရှမ်းနီကုန်းကိုသိမ်းနေတာလို့ပြောတယ် အဲ့မှာ ရှမ်းနီတွေထိုင်ထားတယ်လေး နဂိုကတည်းကလို့ ဖားကန့် KPDF နဲ့နီးစပ်တဲ့ ဆယ်ဇင်းဒေသခံအခြား အမျိုးသမီးတစ်ဦးကပြောပါတယ်။

သံယောဇဥ်ကုန်းမှာ SNA တပ်သားတွေ ပုံမှန်အင်အား ၅၀ ဝန်းကျင်ရှိတာဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့ ဆယ်ဇင်းကျေးရွာတပ်စခန်းကုန်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီနဲ့SNA စစ်သား အင်အား ၅၀ ကျော်လည်းဝင်ရောက်ပူးပေါင်းထားတာကြောင့် လက်ရှိအင်အား ၁၀၀ ကျော်လောက် သံယောဇဥ်ကုန်းမှာရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

သံယောဇဥ်ကုန်းမှာ တိုက်ပွဲမဖြစ်မှီ ဧပြီလ ၂၄ ရက်  ည ၇နာရီဝန်းကျင်လောက်မှာ ကုဋေမှော်မှာရှိနေတဲ့ KIAKPDF တပ်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့အရင်တိုက်ခိုက်ခဲ့တာကြောင့် သံယောဇဥ်ကုန်းကို ပြန်တိုက်နေတာဖြစ်တယ်လို့ ဖားကန့် KPDF ဘက်ကနေသိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ သံယောဇဥ်ကုန်းနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ဆယ်ဇင်းကျေးရွာထဲက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းကို KIAKPDF တပ်တွေက ဧပြီ ၂၀ ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ညမှာ စစ်ကောင်စီပူးပေါင်းတပ်တွေ သံယောဇဥ် ကုန်းဘက်ထွက်ပြေးသွားတာကြောင့် ဆယ်ဇင်းရွာကို KIA နဲ့မဟာမိတ်တပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button