သတင်း

နန့်ယားကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ဒေသခံတွေ တောင်းဆို

ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နန့်ယားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေရပ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေ နေစရာ အခက်အခဲဖြစ်နေတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံ‌တွေ တောင်းဆိုနေကြပါတယ်။

တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း ၅၀ ခန့်ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၂၀ ကျော်ဟာ အိမ်ခြေမဲ့နေစရာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ နန့်ယားကချင်နှစ်ခြင်းအသင်းတော် KBC ကတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ အသင်းသူ/သားတွေ နေထိုင်ဖို့ ဝါးလုံးတွေထိုးပြီး ယာယီဝါးတဲတွေ တာဝန်ယူဆောက်လုပ်ပေးနေတယ်လို့ နန့်ယားဒေသခံအမျိုးသားတစ်ယောက် KNG ကိုပြောပါတယ်။

အသင်းတော်ကနေ တတ်နိုင်သလောက် စုပေါင်းပြီး ခဏနေလို့ရအောင် ခေတ္တယာယီနေဖို့ တဲဆောက်ပေးနေတယ်။ ပြီးရင် အားလုံးကိုလည်း မလုပ်ပေးနိုင်ဘူး။ KBC အသင်းတော်ထဲက လူတွေကိုပဲ လုပ်ပေးနိုင်သေးတယ်။ အခုအချိန်တော့ ဘယ်သူမလုပ်ပေးသေးတာမရှိသေးဘူးလို့ပြောပါတယ်။

နန့်ယားကျေးရွာဟာ တိုက်ပွဲနေရာဖြစ်ပွားခဲ့တာကြောင့် ကျေးရွာရဲ့ သုံးပုံတစ်ပုံက ထိခိုက်ပျက်စီးသွားတာကြောင့် လက်ရှိ ထိန်းချုပ်ထားတဲ့ KIO အစိုးရအနေနဲ့ အချက်အလက်တွေ ကောက်ယူပြီး ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နန့်ယားကျေးရွာကို KIA က ဧပြီလ ၁၇ ရက်နေ့ ကျေးရွာတစ်ခုလုံးကို သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း KIO အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီဖြစ်ပေမယ့် ကျေးရွာအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို တစ်စုံတစ်ရာပြောဆိုတာမရှိသေးဘူးလို့ ဆိုပါတယ်။

 ဒါကြောင့် လက်ရှိမှာ နေထိုင်အစရာ အခက်အခဲဖြစ်နေတဲ့ KBC မိသားစုဝင်အတွက် အသင်းတော်က တာဝန်ယူပြီး ယာယီနေထိုင်ဖို့ တဲစခန်းဆောက်လုပ်နေတယ်လို့ သိရပါတယ်။

နန့်ယားဒေသခံပြည်သူတွေကတော့ ရွာအတွင်း ရွာရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီးတော့ နေအိမ်မရှိတော့တဲ့ မိသားစုဝင်တွေက ဆွေမျိုးအိမ်တွေမှာ တည်းခိုနေထိုင်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ နန့်ယားဒေသခံပြည်သူတွေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့တောင်းဆိုနေတဲ့အပြင် ကျောင်းဖွင့်ချိန်ရောက်ရှိလာပြီဖြစ်တာကြောင့် သား/သမီးတွေအတွက် ပညာရေးလည်း စိတ်ပူနေကြတယ်လို့ နန့်ယားဒေသခံတစ်ယောက်က အခုလိုပြောဆိုပါတယ်။

ကျောင်းဖွင့်မယ့်ကိစ္စကလည်း ကျနော်တို့ သား သမီးတွေအတွက် စိတ်ပူနေရတယ်။ အရင်တုန်းကတော့ စစ်ကောင်စီ လက်အောက်မှာဖွင့်တာဖြစ်တယ်။ အခုကော စစ်ကောင်စီ လက်အောက်မှာပဲ ဖွင့်မှာလား။ ဒါမှမဟုတ် KIA ရဲ့ လက်အောက်မှာဖွင့်မှာလား။ ကျောင်းသား မိဘတွေက သား သမီးတွေ ဆုံးရှုံးသွားတာမျိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် ဒေသခံပြည်သူတွေနဲ့ KIO က တာဝန်ရှိသူတွေ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြောဆိုတာတွေ လုပ်ချင်တယ်လို့ပြောပါတယ်။

နန့်ယားကျေးရွာမှာ အိမ်ထောင်စု ၆၀၀ ဝန်းကျင်လောက်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်သလို ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ ဆိုင်းဖရာ၊ ခွမ်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော် စတဲ့ ကျေးရွာတွေက အမှီအခိုပြုနေတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိမှာ နန့်ယားကျေးရွာမှာ KIA ရဲ့ ထိန်းချုပ်မှုအောက်ရှိနေတယ်ဆိုပေမယ့် စစ်တပ်က အချိန်မရွေးလေကြောင်းနဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်နိုင်တာကြောင့် စစ်ရေးအရ လုံခြုံရေးစိုးရိမ်နေရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ နန့်ယားဒေသခံပြည်သူတွေကို KIA တပ်တွေက ဧပြီ ၁၇ ရက်နေ့နောက်ပိုင်း ကျေးရွာထဲဝင်ခွင့်ပြုလိုက်ပြီး ဒေသခံပြည်သူတွေအားလုံး ရွာထဲကို ပြန်ဝင်လာကြတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button