စစ်ပြေးဒုက္ခသည်များသတင်း

ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲ‌နေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၉ ရက်နေ့ ပူတာအိုဘက်ကနေ စစ်အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကြောင်းက ၁၁ ရက်နေ့မှာ ဆွမ်ပီယန်ကျေးရွာထဲကို ဝင်ရောက်ပြီး ကျေးရွာအတွင်း စစ်တပ်နေရာနဲ့ ပြည်သူပိုင်နေရာတွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူတွေက ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာတင်မကဘဲ လူသားဒိုင်းဖမ်းဆီးခံရမှာကို စိုးရိမ်ကြတဲ့အတွက် လရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆွမ်ပီယန် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဆွမ်ပီယန်ဒေသခံတွေ အားလုံးက လုံခြုံတယ်လို့ ထင်တဲ့ တောနေရာတွေမှာ တိမ်းရှောင်နေကြတယ်။ တစ်နေရာထဲမှာပဲ စုပြုံပြီးတိမ်းရှောင်နေကြတာလည်းမဟုတ်ဘူး။ တစ်ကွဲတပြားစီတိမ်းရှောင်နေကြတယ်။ ဒီအပေါ်မှာ KIA ဘက်ကတော့ တိမ်းရှောင်ကြပါလို့ ပြောတာတော့မရှိဘူး။ ဒါပေမယ့် ဝဒတ်ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုတာကြောင့် သူတို့လည်း အဲလိုဖြစ်မှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါလို့ပြောပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေက ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ရွာထဲမှာရှိတဲ့ နေအိမ်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးပြီး မွှေနှောက်ရှာဖွေတာတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ပစ်သတ်စားတာတွေ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ကြောင်းက မေလ ၁၀ ရက်နေ့မှာ တန်ဂျာကျေးရွာကနေ ဆွမ်ပီယန်ဘက်ကို ဦးတည်ပြီး ထွက်ခွာလာကြတာဖြစ်ပြီး တန်ဂျာရွာနဲ့ ၁ မိုင်လောက်အကွာ အင်ဒေါင်ဘွမ့်(N-dawng Bum)နဲ့ ခေါဘွမ့်(Hkau Bum)ကြားမှာ KIA တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် မေလ ၁၁ ရက်နေ့မှာ ဆွမ်ပီယန် မရောက်မှီ ဝဒတ်ကျေးရွာက ဒေသခံပြည်သူတစ်ချို့ကို ဆွမ်ပီယန်ကျေးရွာအထိ လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒါကြောင့် ဆွမ်ပီယန်ဒေသခံပြည်သူတွေက ရွာထဲကို စစ်ကြောင်းဝင်ရောက်လာတာနဲ့ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာ ၃ ရက်နေ့မြောက် ကြာမြင့်လာပြီဖြစ်ပါတယ်။

လူသားဒိုင်းဖမ်းဆီးခံရတဲ့ ဝဒတ်ဒေသခံပြည်သူတွေကိုတော့ မေလ ၁၁ ရက်နေ့ ညနေပိုင်း ဆွမ်ပီယန်ကျေးရွာရောက်တာနဲ့ ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာ KIA ဘက်လည်း ဆွမ်ပီယန်ကျေးရွာထဲကို စစ်အင်အားလုံးအရင်း စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် မေလ ၁၁ ရက်နေ့ ညပိုင်းမှာ ဆွမ်ပီယန်ကျေးရွာထဲမှာ အခြေစိုက်ထားတဲ့ စစ်တပ်စခန်းကို KIA တပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ သိရတယ်။

ခုလို ဒေသအတွင်း ၂ ဖက်စစ်တပ် စစ်ရေးတင်းမာတာတွေ၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ကျေးရွာထဲမှာ အချိန်ကာလအကြာ တပ်စွဲနေထိုင်တာတွေ ဆက်လုပ်နေပါက ရေရှည်မှာ ဒေသခံပြည်သူတွေ အစားအသောက် ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆွမ်ပီယန် ဒေသခံပြည်သူက အဆက်ဆိုပါတယ်။

အချိန်ကြာလာရင်တော့ ခက်ခဲလာမှာ တစ်ချို့ဒေသခံတွေက မထင်မှတ်ပဲ ထွက်ပြေးရတာဖြစ်တဲ့အတွက် တစ်ချို့ကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်ထားတာတွေရှိကြတယ်။ အဓိကတော့ အစားအသောက်ပြတ်လပ်သွားနိုင်တယ်။ ဒီအတောအတွင်း စစ်သားတွေ ရွာထဲကနေ ထွက်သွားရင်တော့ အဆင်ပြေသွားလိမ့်မယ်လို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေဟာ ဆွမ်ပီယန်ရွာထဲမှာရှိတဲ့ စစ်တပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းပြီး ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာ စစ်ရေးတန်ပြန်လှုပ်ရှားဖို့ စစ်အင်အားစုစည်းလာတာလည်းဖြစ်နိုင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားတွေကို လာရောက်ခေါ်ယူတဲ့ စစ်ကြောင်းလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဆွမ်ပီယန်ကျေးရွာဟာ ပူတာအိုနဲ့ ဆွမ်ပရာဘွမ့် အစပ်မှာရှိတဲ့ ကျေးရွာတစ်ခုလည်းဖြစ်သလို စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုအပါဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စစ်တပ်နဲ့ KIA တပ်တွေကြား လရှည်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဆွမ်ပီယန်ဒေသခံပြည်သူတွေ ၃ လလောက်အကြာ စစ်ဘေးရှောင်ခဲ့ရပြီး ကျေးရွာထဲကို နေရပ်ပြန်နေထိုင်တာဟာ တစ်နှစ်ကျော်အကြာမှာ အခုတဖန် ပြန်လည်တိမ်းရှောင်ရတာလည်းဖြစ်ပါတယ်။

ဆွမ်ပီယန်ကျေးရွာဟာ ဝဒတ်၊ အင်ဒူယန်၊ အင်စီးယန် အင်ဆိုင်းယန်၊ ခင်ဒူပါ စတဲ့ ကျေးရွာအငယ်တွေပါဝင်တဲ့ ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၁၈၀ နဲ့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button