တိုက်ပွဲသတင်း

တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မေလ ၂၀ ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံး ၃ လုံးကြဲခဲ့တာဖြစ်ပြီး တာလောကြီးကျေးရွာက အရင်ရဲစခန်းဟောင်းနဲ့ ပြည်သူ့စစ်ဂိတ် ၂ နေရာနဲ့ဆေးရုံဘက်လည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

အိမ်ကနေလှမ်းတွေ့လိုက်တာ ကျမတို့က ဗုံးခိုကျင်းထဲ တစ်ခါထဲ ပြေးဝင်ပြီလေ။ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လောက် ကြဲခဲ့တာ။ တစ်ခုက အရင်ရဲတွေ တပ်ချခဲ့တဲ့ ရဲစခန်းဟောင်းနဲ့ ပြည်သူ့စစ်ဂိတ်ဘက် ကျရောက်ပေါက်ကွဲတယ်တဲ့။ကျမတို့လည်း ကြောက်လို့ သွားမကြည့်ဘူး။ ထိခိုက်မှု မရှိဘူးလို့တော့ ပြောတယ်လို့တာလောကြီးဒေသခံ အမျိုးသမီးတစ်ဦက ပြောပါတယ်။

တာလောကြီးဒေသခံ ပြောဆိုချက်အရ လေယာဉ်ဗုံးဟာ လူသူမရှိတဲ့ ရဲစခန်းဟောင်းတွင်း ကျရောက်ပေါက်ကွဲတာကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ပြောပါတယ်။

တာလောကြီးကျေးရွာမှာရှိတဲ့ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် တာလောကြီးကို KIA ဘက်က သိမ်းယူလိုက်ပြီးနောက် တပ်ချတာတော့ မရှိပေမဲ့ အဝင်အထွက်သွားလာမှုတော့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာတော့ တာလောကြီးကျေးရွာမှာ အရပ်သားတွေသာရှိနေချိန် စစ်တပ်ကတော့ KIA ရှိတယ်ဆိုတဲ့ ယူဆပြီး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်ပါတယ်။

သူတို့က ရည်ရွယ်ချက်ရှိရှိဗုံးကြဲခဲ့တာဖြစ်တယ်။ KIA ရှိတယ်ဆိုတဲ့ပုံစံနဲ့ တာလောကြီးထဲကို ပစ်ချပေးတာ။ ဒဘတ်ဘက်လည်း ဗုံးကြဲသွားတယ်ပြောတယ်။ KIA ကတော့ တာလောကြီးမှာ အထိုင်ချနေတာမရှိဘူး။ ဝင်လိုက်၊ ထွက်လိုက်ပေါ့။အခုတာလောကြီးမှာက မြို့ဘက်မှာ အရင်တိမ်းရှောင်ခဲ့တဲ့ ရွာသားအာလုံး စခန်းဖြတ်သိမ်းပြီး နေရပ်ပြန် နေနေကြပြီဟု သူမက ဆက်ပြောပါတယ်။

တာလောကြီးကျေးရွာမှာ ပြီးခဲ့တဲ့နှစ် စစ်ဘေးရှောင်ခဲ့ကြရတဲ့ ဒေသခံပြည်သူအာလုံး ၂၀၂၄ နှစ်ဆန်းပိုင်းမှာပဲ အားလုံးနေရပ်ပြန်လာကြပြီဖြစ်ပြီး ရွာသားအားလုံး နေထိုင်နေကြပေမယ့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်တပ်ရဲ့လေကြောင်းရန်ကို စိုးရိမ်ပြီးနေနေကြရတယ်လို့ ပြောပါတယ်။   

သတိနဲ့ ဝီရိယနဲ့ ကြောက်ပြီးပဲ နေနေကြတယ်။ ဘယ်မှာမှ လုံခြုံတယ်ဆိုတာမရှိဘူး။ မြို့ဘက်လည်း ထွက်ပြေးလို့မရတဲ့အခြေအနေဟုတ်တယ်။ မလုံခြုံပေမဲ့ အားလုံးရှိနေကြတယ်။ အခုပိုစိုးရိမ်တာက မြောက်ပိုင်းတိုင်းကနေ ရွှေညောင်ပင်တိုက်ပွဲဘက် လက်နက်ကြီးပစ်လိုက်ချိန် မတော်တဆ၊ ခြေချော်လက်ချော်၊ ရွည်ရွယ်ချက်ရှိရှိ တာလောကြီးကို ပစ်ထည့်ပေးမှာ စိုးရိမ်တယ်။ အခုလို လေယာဉ်ဗုံးကြဲမှာကိုပဲ အဓိကစိုးရိမ်ပြီး နေနေကြတယ်ဟု တာလောကြီးဒေသခံက ဆက်ပြောပါတယ်။  

လက်ရှိ ဝိုင်းမော် ကဇူးစစ်တပ်စခန်းလည်း KIA သိမ်းပိုက်လိုက်ပြီး ဝိုင်းမော်မှာ KIA သိမ်းပိုက်ဖို့ကျန်တဲ့ တပ်စခန်း ၂ ခုသာကျန်တော့တာဖြစ်ပါတယ်။ ဒီထဲမှာ အောင်မြေ ၁၊ အောင်မြေ ၂ တစ်ဝိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို KIA ဘက်ကဆက်လက် သိမ်းပိုက်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

စခန်းတွေ တစ်ခုပြီးတစ်ခုလက်လွတ်နေပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေပဲ ရှိတဲ့အရပ်တွေဆီကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းအဓိကအသုံးပြုပြီး ဗုံးကြဲတာတွေ လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး KIA ရဲ့ ထိုးစစ်အရှိန်စတင်လိုက်တာ မြစ်ကြီးနားဗန်းမော် ကားလမ်းမတစ်လျှောက် နဲ့ မြစ်ကြီးနားမြို့နယ် အကျဲ မှ ဆင်ဘိုရွှေကူကျောက်ကြီးအထိ ဒေသတစ်ကြောလုံး KIA သိမ်းပိုက်နေရာယူလိုက်ပြီဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button