သတင်း

ဗန်းမော်မြို့မှာ လျှပ်စစ်မီးကြိုးနဲ့သံထည်ပစ္စည်းခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

ကချင်ပြည်နယ် ဗန်းမော်မြို့ မှာ လျှပ်စစ်မီး (ဆားဗစ်ကြိုး) ဖြတ်ခိုးတာ၊ ရေမော်တာ၊ လူနေအိမ်တွင်း သံထည်ပစ္စည်းခိုးခံရတာ ခပ်စိပ်စိပ်ဖြစ်လာ‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးကြိုးဖြတ်ရောင်းတဲ့သူတွေဟာ လူနေအိမ်၊ လမ်း‌‌ဘေးမီးရှိတဲ့နေရာ၊ အဆောက်အဦးတွေမှာ နေ့ခင်းလိုက်ကြည့်ထားပြီး ညနက်ချိန်၊ အာရုံတက်ချိန်တွေမှာ ခိုးယူလေ့ရှိကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သူတို့က နေ့မှာဆိုရင် ဘူးခွံတွေ လိုက်ကောက်သလိုလိုနဲ့ နေအိမ်တွေကို လိုက်ကြည့်တာ။လူတွေက ဘယ်လိုနေရာမှာရှိတက်တယ် ဘယ်သူတွေက ရှိတယ်မရှိဘူး လိုက်ကြည့်ထားပြီး လူနေအိမ်တွေရော၊ လူမနေတဲ့ အိမ်တွေမှာ ရော ညဆိုရင် ဝင်ပြီးသမပြီ၊ အဲ့တာသူတို့ရဲ့ နေ့စဉ်ဈေးကွက်ပေါ့နော်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ မနက် ၄ နာရီခန့် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်မှာတင် ၄ နေရာလောက် မီးကြိုးခိုးဖြတ်ခံခဲ့ရပြီး တရားခံနှစ်ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ မီးကြိုးဖြတ်ခိုးခဲ့တဲ့ နှစ်ဦးကိုတော့ ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ ရေရှင်ကျောင်းနောက် တာရိုးအောက်မှာ ခိုးယူလာတဲ့ ဆားဗစ်ကြိုးတွေကို မီးရှို့ပြီး ကြေးစတွေယူထုတ်နေချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဆယ်ရက်လောက်ကလည်း ဗန်းမော်မြို့ နမ့်ဖားကျေးရွာအတွင်း နေအိမ်တွေမှာ ရေမော်တာလိုက်ခိုးနေတဲ့ တရားခံ ၃ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ နမ့်ဖားဒေသခံတစ်ယောက်က ပြောပါတယ်။

အဲ့တာက သူတို့က မီးကြိုးတွေဘဲ ဖြတ်ခိုးတာမဟုတ်ဘူး၊ ရေမော်တာတွေကို လိုက်ဖြုတ်တာ၊ ဒေသခံတွေကလည်း ညဆိုရင် အကုန်လုံးက ကျင်းထဲမှာဘဲနေကြတော့၊ သူတို့က အဲ့တာကို အခွင့်ကောင်းယူပြီး အိမ်တွေမှာ လိုက်ခိုးတာ၊ အဲ့တာ ဒေသခံတွေက သတိထားမိပြီး စောင့်ဖမ်းကြတာ မိသွားတယ်လို့ပြောပါတယ်။

အဲ့ဒီ တရားခံသုံးယောက်ကို ရဲစခန်း ပို့လိုက်နိုင်ပေမဲ့ တစ်ပတ်အတွင်းမှာဘဲ အမှုဖွင့်တဲ့သူ မရှိတဲ့အတွက် ရဲစခန်းကနေ ပြန်လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အခုလို လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေ ခိုးဖြတ်ခံရမှုတွေဟာ ဗန်းမော်မြို့တွင်း ၊ မြို့ပြင်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှာရှိတဲ့ လူနေအိမ်၊ ကျောင်းဆောင်၊ စက်ရုံ၊ ဂိုဒေါင်၊ ရုံးဌာန၊ ဆေးရုံ စတဲ့နေရာတွေမှာ နေ့တိုင်းလိုလို ခိုးခံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အခိုးခံရမှုတွေဟာ စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပြီး၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်တော့မယ်ဆိုတဲ့ နောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်လာတာလို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button