စစ်ရေးသတင်း

ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန် ကျေးရွာနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်ကြတဲ့ ရွာပေါင်း ၂၀ ကျော်ရှိပြီလို့သိရပါတယ်။

ချီဖွေနဲ့ ဆဒုံးသွား ကားလမ်းမပေါ်မှာရှိတဲ့ မဒိန်၊ ခကွမ်၊ ဝူယာန်၊ မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ၊ လဘန်၊ ဝါးရှောင် နဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိကြတဲ့ ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ စန်းကား၊ တာစခန်း၊ ခန့်လုံ၊ မိုင်းမော်စတဲ့ ကျေးရွာတွေအပြင် ဗန်းမော်မြို့သွားကားလမ်းမပေါ်မှာရှိတဲ့ ဂါးရာယာန်၊ ကဇူး၊ ရွှေညောင်ပင်၊ အောင်မြေ()၊ အောင်မြေ()၊ အင်းလေး၊ နောင်စီပေါ၊ ခါးရှီ စတဲ့ ကျေးရွာအားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာနဲ့ ပတ်သက်ပြီး ဝိုင်းမော် ဝူယာန်ဒေသခံတစ်ဦးက KNG ကို အခုလိုပြောပြလာပါတယ်။

ရွာတိုင်းအားလုံးနီးပါက ရှောင်သွားကြပြီလို့ ပြောလို့ရပြီ။ ကျနော်တို့ ရွာဘဲကြည့်ရင်တောင် ဘယ်သူမှမရှိတော့ဘူး။ တစ်ချို့နေရာမှာ အိမ်စောင့်လောက်တော့ရှိကြတယ်။ အခုစစ်ရှောင်ကြတဲ့ သဘောကတော့ တိုက်ပွဲဖြစ်နေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ စခန်းသိမ်းလိုက်ပြီဆိုရင် ဒီထက်ပိုဆိုးရွာလာမှာစိုးလို့ဟုတ်တယ်။ မနေ့ကတောင် ခတ်ချိုမှာ လက်နက်ကြီးကျလို့ အရပ်သား ကလေးငယ်တွေ သေဆုံးသွားကြတယ်။ ကြောက်လို့ အကုန်ထွက်ပြေးကြတာလို့ပြောပါတယ်။

ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝိုင်းမော်စစ်ရှောင်ပြည်သူများ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေထဲမှာ ဝိုင်းမော်မြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေတင်မဟုတ်ဘဲ ဝိုင်းမော်မြို့တွင်းမှာ နေထိုင်ကြတဲ့ဒေသခံပြည်သူတွေလည်း မြို့တွင်းကနေ တိမ်းရှောင်နေကြပြီလို့ ဆက်ပြောပြပါတယ်။

မနေ့ကနေ ဒီကနေ့အထိတော့ ဝိုင်းမော်မြို့ပေါ်က သူတွေလည်း တော်တော်များများ တိမ်းရှောင်နေကြပြီ။ ဆွေမျိုးရှိတဲ့သူတွေက မြစ်ကြီးနားဘက်ကိုသွားကြတယ်။ တစ်ချို့ကတော့ နယ်ခြားစောင့်တပ် ရှိတဲ့ နေရာဘက်ကို သွားကြတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဝိုင်းမော်မြို့ပေါ်မှာ လာရှောင်နေကြတဲ့ စစ်ရှောင်တွေပါ ထပ်ပြီးတော့ တိမ်းရှောင်သွားပြီလို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဝိုင်းမော်မြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ လမြန်၊ မုတ်ကျိတ် စတဲ့စစ်ရှောင်ပြည်သူတွေနဲ့ ၂၀၁၁ ခုနှစ် ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်‌ရှောင်တွေပါ ဝိုင်းမော်မြို့ပေါ်ကနေ ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဝိုင်းမော် စစ်ရှောင်ပြည်သူများ

တိုက်ပွဲပြင်းထန်နေတဲ့ နေရာဘက်ကို စစ်တပ်က လေကြောင်းအပြင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း၊ မြစ်ကြီးနားကြက်ပေါင်ခြံ၊ လယ်ကုန်း ပေါ်ဦးကျောင်းတိုက်နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာတွေကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာတွေ၊ တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ဝိုင်းမော်မြို့နယ်ထဲ ကျမှန်ပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

လက်နက်ကြီးကျမှန်ပေါက်ကွဲမှုကြောင့် မေလ ၂၀ ရက်နေ့ ခတ်ချိုကျေးရွာမှာ အရပ်သား ၆ ဦးပွဲချင်းပြီး သေဆုံးသွားသလို ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို မေလ ၁၉ ရက်နေ့မှာလည်း လမြန်ဒေသခံအမျိုးသမီးတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၀ ရက်နေ့မှာ ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းအနီးတဝိုက်အထိ လက်နက်ကြီးတွေ ကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဝိုင်းမော်မြို့မှာ ရှိတဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဝိုင်းမော်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲက ဒီကနေ့ ၄ ရက်မြောက်တဲ့အထိ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ဖြစ်နေသေးတာဖြစ်ပါတယ်။

ရွှေညောင်ပင်တပ်စခန်းကို KIA သိမ်းပိုက်လိုက်ရင် တိုက်ပွဲက ဝိုင်းမော်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် စိုးရိမ်တဲ့တဲ့အတွက် ဝိုင်းမော်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button