သတင်း

မြစ်ကြီးနားမြို့ပေါ်  စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။

ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်လို့ ပြောပါတယ်။

မေလ ၂၁ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်အပါအဝင် နေရာအတော်များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်တစ်ချို့ဖမ်းဆီးခံသွားရတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူး။

တစ်ဖက်မှာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့ဘက်အခြမ်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေသလို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။

စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲဟာ ဝိုင်းမော်မြို့ဘက်နဲ့နီးလာတာနဲ့အမျှ ဝိုင်းမော်မြို့တွင်းက ဒေသခံတစ်ချို့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်တာမျိုးတွေ လည်းမြင်လာရတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်ကပြောပါတယ်။

ကေအိုင်အေနဲ့စစ်တပ်နဲ့ကလည်းနီးလာတော့ ပြည်သူတွေကစိုးရိမ်ပြီးမြစ်ကြီးနားကိုပြောင်းကြတာပေါ့ အိမ်တွေပိတ်ပြီးပေါ့ အိမ်စောင့်လောက်ပဲကျန်တော့တာ မြို့လုံးဝစွန့်ကြတာလည်းမဟုတ်ဘူး မြို့ကတော် တော်တော့ခြောက်ကပ်သွားပြီ
လို့ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မော်ဖောင်းရွာအနောက်ဖက်ကအမြှောက်တပ် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး မှာ လက်နက်ကြီးအထိုင်ချပြီးပစ်ခတ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဘက်ကပြောပါ တယ်။

သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင် သိသာ တယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီး ထောင်ထားတယ် လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲ ရွှေ့ထားတယ်ပြောတယ်

ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ စခန်း  ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ် ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button