လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော

ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။

မဂွမ်ရိမ်ဒူနော်ကို ရက်ရက်စက်စက်မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံတစ်ဦးဝန်ခံထားပြီဖြစ်ပြီး လက်ရှိမှာသက်ငယ်မဒိန်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ ခရိုင်အဆင့်စစ်ဆေးဖို့ ပြင်ဆင်နေပြီဖြစ်သလို ဒီပြစ်မှုနဲ့ပတ်သက်ဆက်နွယ်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံလူငယ်တွေဆီကနေ သိရပါတယ်။

မဒူနော်အမှုနဲ့ပတ်သက်ပြီး တရားခံကို လူသတ်မှုနဲ့ သက်ငယ်မဒိန်းမှု ဒီပုဒ်မ  ခုနဲ့ ခရိုင်အဆင့် အမှုတည်ဆောက်ထားပြီသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်က အကြီးဆုံး တရားသူကြီးလည်း ရောက်နေပြီလို့ ပြောတယ်။ အခုက မျက်မြင်သက်သေတွေကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်တယ်။ လို့ ပူတာအို ဒေသခံတစ်ဦးကပြောပါတယ်။

မုဒိန်းမှုကျူးလွန်သူကို တရားစီရင်ပေးဖို့၊ သေမိန့်ချပေးဖို့ဆိုပြီး ပြည်သူ့စစ်နဲ့ရဲတွေကို ပြောဆိုထားတာတွေရှိပေမဲ့ မေလ ၂၀ ရက်နေ့အထိတော့ ဒီအမှုဟာတရားရုံးထဲမရောက်ရှိသေးပဲ အမှုထဲပါဝင်ဆက်နွယ်သူတွေ၊ မျက်မြင်သက်သေတွေကို စုံစမ်းဖော်ထုတ်နေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။  

ဒေသခံတွေကတော့ ဒီအမှုကို တရားမျှတမှုရအောင် ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပြီး အမှုဖြေရှင်းပေးမဲ့ သက်ဆိုင်သူတွေစောင့်ကြည့်နေတယ်လို့ ပြောဆိုပါတယ်။

ဟိုတစ်နှစ်က စစ်တပ်ကို ဆန့်ကျင်လို့ ပူတာအိုက ဒေသခံလူငယ်တွေကို ဖမ်းဆီးတုန်းကဆိုရင် လက်ထိပ်ခတ်တာတွေထိလုပ်ပြီး အခု ဒီမုဒိန်းကောင်ကို ဖမ်းထားရာမှာတော့ ဘာရိုက်နှက်တာတွေလည်း မရှိဘူး။ အပျော်ပဲ အချုပ်ထဲမှာရှိနေတာ။ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ လက်ထိပ်ခတ်တာလည်း မရှိဘူး။ ဒါကြောင့် ဒေသခံတွေ အရမ်းစိတ်တိုနေတယ်။ ဒါက ဒေသခံတွေကို စော်ကားတာနဲ့အတူတူပဲ။ ရဝမ်ရိုးရာလူကြီးတွေလည်း ဒီအမှုကို တရားမျှမျှတတ လုပ်ဆောင်မလား၊ မလုပ်ဘူးလားဆိုတာကို စောင့်ကြည့်နေမယ်။ ဒီရဲတွေကို စောင့်ကြည့်နေတယ်။ ကောင်းကောင်းမလုပ်ကြည့်ဆိုပြီး အားလုံးက ကျိန်းဝါးနေကြတယ်။” လို့ နောက်ထပ် ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင်ဖြစ်သူနဲ့အတူ မုန်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး သူမတစ်ယောက်တည်း နေအိမ်ကိုပြန်လာချိန် လူပြတ်တဲ့လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီနောက် မေလ ၁၂ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ဒေသခံလူငယ်တွေနဲ့ ရဝမ်ရိုးရာအဖွဲ့တွေ ခြေရာခံဖမ်းဆီးမိခဲ့ပြီး ရဲလက်ထဲချက်ချင်းအပ်ခဲ့တယ်လို့ ပြောပါတယ်။ 

မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကို ဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်းနဲ့ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

အဲဒီပြစ်မှုကျူးလွန်သူဟာ သေဆုံးသွားသူ မိန်းကလေးရဲ့ဖုန်းကို ဖုန်းဆိုင်တစ်ဆိုင်မှာ ရောင်းထားရာကနေ ဒေသခံတွေခြေရာခံမိသွားတာဖြစ်ပြီး သူရဲ့ဆိုင်ကယ်ခြေနင်းခုံမှာလည်း သွေးတွေပေနေတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မေလ ၁၂ ရက်နေ့မှာ ရှာတွေ့တဲ့ပြစ်မှုကျူးလွန်သူနဲ့အတူနေနေတဲ့ အမျိုးသားတွေကိုလည်း ရဲစခန်းကို ပို့ထားတာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူရဲ့ပြောဆိုချက်အရ ဒီပြစ်မှုကို သူတစ်ယောက်တည်းသာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပေမဲ့ အမှုခင်းနေရာနဲ့ သေဆုံးသူရဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်း ကျူးလွန်ခဲ့တဲ့အခြေအနေမပေါ်လွင်တာကြောင့် အမှုဆက်လက်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ရဝမ်လူငယ်ခေါင်းဆောင်တွေဘက်က ပြောဆိုပါတယ်။ 

မေလ ၁၃ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေးအပြင် ပူတာအိုမှာသက်ငယ်မုဒိန်းပပျောက်ရေးနဲ့ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးအတွက် ဒေသခံလူဦးရေ ,၀၀၀ ခန့် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့စစ်ဘက်ကလည်း အင်အား ၁၀၀ ခန့်နဲ့ လုံခြုံရေးယူပေးခဲ့ပါတယ်။

ပူတာအိုလိုနေရာမျိုးမှာ ဒေသခံတွေသီးသန့်နေခဲ့တဲ့အချိန်က အခုလိုမုဒိန်းမှုဖြစ်ရပ်တွေမရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမားတွေ ပေါ်များလာပြီးနောက် အခုလို မုဒိန်းမှုတွေများပြားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီအကြိမ်ဟာ မိန်းကလေးငယ်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ထားတယ်။ ခြေထောက်တွေလည်း ရိုက်ချိုးထားတယ်။ လည်ပင်းမှာ ကြိုးတုတ်ရာတွေနဲ့ သနားစရာလေး။ ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ဟုတ်တယ်။ ဒီအကြိမ်က လုံး၀ ယူကျူံးမရ ခံစားကြရတာဖြစ်တယ်။ အရှေ့တစ်ခေါက်တွေမှာလည်း သက်ငယ်မုဒိမ်းအမှုတွေရှိတယ်။ ဒါပေမဲ့ ထောင်ချတယ် ဒီလောက်နဲ့ ပြီးစီးတယ်။ ဒေသခံတွေပဲ သီးသန့်နေခဲ့ချိန်က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူး။” လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။

ပူတာအိုမှာ သက်ငယ်မုဒိန်းမှုဆက်တိုက်ဖြစ်လာနေပြီး ရှေ့တစ်ခေါက်တွေမှာလည်း တရားခံတွေကို ထောင်ဒဏ်ချခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ရဲ့ဖြစ်စဉ်ဟာ ပူတာအိုမှာ ပထမဆုံး ရက်စက်စွာ သတ်ဖြတ်မှုနဲ့ မုဒိန်းပြုကျင့်မှုလုပ်ရပ်ဖြစ်ခဲ့ပါတယ်။

လက်ရှိ ပူတာအိုမှာ စစ်ရေးအခြေအနေအရ ကားလမ်းပိတ်ထားတာကြောင့် ထွက်စရာလမ်းမရှိ၊ ပြန်စရာလမ်းမရှိဘဲ ပူတာအိုမှာပိတ်မိပြီး အလုပ်အကိုင်မရှိသူတွေများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button