သတင်း

ဗန်းမော်မြို့တွင်း လမ်းမဘေးမှာ မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေများလာ

ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်းနေရာတစ်ချို့မှာ မူးယစ်ဆေးဝါးတွေကို လမ်းမဘေးပေါ်တင်ရောင်းချပြီး သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့ ကမ်းနားဈေးတစ်လျှောက် မူးယစ်ဆေး အရောင်းအဝယ်လုပ်သူ‌တွေဟာ လမ်းမဘေးမှာ ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲ‌ နေကြပြီး လမ်းသွားလမ်းလာသူတွေကိုခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ကမ်းနားတစ်လျှောက်မှာ ရောင်းတာတွေ၊ ထိုးတာတွေ၊ ရှူတာတွေကို ပေါ်တင်လုပ်နေကြတာ။ ကမ်းနားဈေးရှေ့ ညောင်ပင်ရှိတဲ့ဘက် မြေင်းထဲမှာကိုရောင်းတဲ့သူကရောင်း၊ ထိုးတဲ့သူတွေက ထိုးနဲ့၊ သူတို့နေရာဘက်ကို ရောက်လာတယ်ဆိုရင်လည်း ဝယ်အုံးမလား၊ ဝယ်အုံးဆိုပြီး အတင်းထိုးရောင်းတာတွေလည်း ရှိတယ်လို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကမ်းနားတစ်လျှောက်မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ အယောက် ၅၀ ဝန်းကျင်လောက်ရှိပြီး တစ်ခါတလေ ဖြတ်သွားဖြတ်လာသူတွေ၊ ဈေးထဲ လက်ဖက်ရည်ဆိုင်တွေမှာ ဝင်ပြီး တောင်းရမ်းတာအပြင် ဆဲဆိုတာတွေလည်းရှိတယ်လို့ သိရပါတယ်။

 မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက် ဖမ်းဆီးတာမျိုးမရှိတဲ့အတွက် အခုလိုပေါ်တင်ရောင်းချမှုတွေများလာနေတဲ့အပြင် ဗန်းမော်မြို့တွင်း နေရာအနှံ့ ဝယ်ယူလို့ရနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

မူးယစ်ဆေးဝါးတွေက အလွယ်တကူရနေတယ်အခုဆိုလို့ရှိရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုရောင်းနေကြတာ။ လူကြီးတွေလည်း မဖမ်းကြဘူး၊ အဲ့လိုမျိုးဆိုတော့ မူးယစ်ဆေး သုံးစွဲတဲ့သူတွေလည်း များလာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် ဝင်ငွေရှာရခတ်နေချိန် အခုလို မူးယစ်ဆေးဝါးသုံးစွဲမှုတွေလည်း ပိုများလာတဲ့အတွက် မြို့တွင်း မြို့ပြင် ခိုးဆိုးလုယက်မှုတွေ မကြာခဏကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဗန်းမော်မြို့နယ် အောင်ပြည်သာကျေးရွာဒေသခံတွေအနေနဲ့ ဗန်းမော်မြို့ဘက် တိမ်းရှောင်နေကြချိန် ကျေးရွာအတွင်း လူနေအိမ်တွေမှာ အဖွဲ့လိုက်ဝင်ခိုးတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ကသူတွေက ဗန်းမော်ဘက်ကို တိုက်ပွဲရှောင်သွားကြပြီလေ။ ဆိုတော့ ဘယ်သူမှမရှိဘူး၊ အဲ့မှာ ဝင်ဖောက်နေတာ မိန်းမတွေနော်၊ အဲ့တာ အိမ်ရှင်က ကျွန်မသူငယ်ချင်းလေ၊ အဲ့တာ နင်တို့ဘာလုပ်နေကြတာလဲ မေးတော့ ပစ္စည်းယူနေကြတာလေတဲ့၊ အဲ့တာငါတို့အိမ်လို့ပြောတော့ ခပ်တည်တည်ဘဲ ပြန်ထွက်သွားတယ်တဲ့၊ အများနဲ့တစ်ယောက်ဆိုတော့ ဘာမှမပြောဘဲ ပြန်လာခဲ့ရတာတဲ့ လို့ပြောပါတယ်။

ဗန်းမော်မြို့တွင်း မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းဝယ်သုံးစွဲနေကြသူတွေဟာ ဖြတ်သွားဖြတ်လာသူတိုင်းကို အတင်းထိုးရောင်းတာ၊ ခြိမ်းခြောက်ရန်ရှာတာမျိုးထိ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ လည်း လောင်းကစားရုံတွေ အပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button