စစ်ရေးသတင်း

ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးသတင်းနားစွင့်ကြဖို့ ဗိုလ်မှူးကြီးနော်ဘူသတိပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတာ‌ကြောင့် စစ်ရေးသတင်းနားစွင့်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပါတယ်။

စကစဘက်က လက်နက်ကြီး နဲ့ လေကြောင်းတွေက ဘယ်ဟာကတော့ရန်သူ ဘယ်ဟာကတော့ ပြည်သူဆိုပြီးမခွဲခြားပဲရမ်းသမ်းပစ်နေတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေ ကိုယ့်မိသားစုတိုင်းမှာ လိုင်းလုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားရမယ် စစ်ရေးသတင်း တွေကိုအမြဲနားထောင်ပြီးတော့ လုံခြုံရေးအတွက်လုပ်ဖို့အရေးကြီးတယ်လို့ ပြောလိုပါတယ်လို့ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့ကစတင်ပြီး ဝိုင်းမော်မြို့နယ် ထဲမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းတချို့နဲ့ စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပြီး ဝိုင်းမော်မြို့စောင့်တပ် ခမရ ၃၂၁ အပါအဝင် စခန်းကြီးစခန်းငယ်ပေါင်း ၁၀ ခုထက်မနည်းကို ၄ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ခလရ ၃၂၁ တပ်ရင်းအပါအဝင် စခန်း‌တွေဆက်တိုက်လက်လွှတ်နေရတဲ့ စစ်တပ်ဟာ မနေ့ကညပိုင်းမှာပဲ ဧရာဝတီမြစ်တစ်ဖက် ကမ်း မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်ဘက်ကို အတွဲလိုက်ပစ်လို့ရတဲ့ဒုံးကျည်တွေဆက်တိုက်ပစ်ခဲ့သလို KIO ဌာနချုပ်ရှိရာလိုင်ဇာမြို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေကြောင့် ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းကစလို့ ဝိုင်းမော်မြို့တွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအားလုံး ပိတ်သွားသလို မြို့တွင်းနေထိုင်တဲ့ဒေသခံအများစု ဘေးလွှတ်ရာတွေကိုတိမ်းရှောင်ကုန်ကြပြီလို့ ဝိုင်းမော်မြို့ခံတစ် ယောက်က KNG ကိုပြောပါတယ်။

နောင်းချိန်းဘက်ကိုရှောင်ကြတယ် အများကြီးပဲ မြစ်ကြီးနားဘက်လည်းရှောင်ကြတယ်ဒီနေ့က အဲ့ဘက်ရှောင်တာ ပိုများတယ် မြစ်ကြီးနားဘက်သွားတဲ့သူတွေကတော့အရင်ကတည်းကရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ ဆွေမျိုးတွေဆီ ရောပေါ့ ဒီနေ့တော့တော်တော်များများထွက်ကုန်ကြပြီလို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာကိုဝိုင်းမော်မြို့ပြင် မှာရှိတဲ့ လမြန်၊မုတ်ကျိန်အပါအဝင် အနီးတစ်ဝှိုက်ကစစ်ဘေးရှောင်တွေ၊ ၂၀၁၁ ခုနှစ်ကချင်ပြည်နယ်တစ်ကျော့ပြန် တိုက်ပွဲတွေကတည်းက တိမ်းရှောင်နေကြတဲ့ ဝိုင်းမော်မြို့ပေါ်က ဒေသခံတွေအပြင် ဝိုင်းမော်မြို့ပေါ်ကမြို့ခံတွေပါ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဒေသခံတွေကဆိုကြပါတယ်။

မေလ ၁၈ ရက်နေ့ကနေ ဝိုင်းမော်ဘက်ကို တကျော့ပြန်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့ တွေရဲ့ တိုက်ပွဲအတွင်းမှာတော့ ဝိုင်းမော်မြို့ပေါ်အပြင် မြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း၂၀ကျော်က ဒေသခံ သောင်းနဲ့ချီ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။

လက်ရှိဝိုင်းမော်မြို့ပေါ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခုသာကျန်တော့ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်းထန်လာတာနဲ့အတူ အရပ်သားတွေထွက်ပြေးရနှုန်း ဆက်တိုက်မြှင့်တက်နေသလို တိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်သေဆုံးမှုကလည်း ဆက်တိုက်မြှင့်တက်နေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button