ပညာရေးသတင်း

KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကျောင်းဆရာ/ မ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားမယ်လို့  KIO ပညာရေးအဖွဲ့ဆို

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ ပညာရေးကျောင်းဖွင့်လှစ်သွားဖို့ပြင်ဆင်နေပြီး  ကျောင်းဆရာ၊ဆရာမ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားဖို့ပြင်ဆင်ထားတယ်လို့ KIO ပညာရေးအဖွဲ့က ပြောပါတယ်။

လက်ရှိ KIO/KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ပညာရေးယန္တရားလည်ပတ်နိုင်ဖို့ ဝန်ထမ်းစားရင်းနဲ့ ကျောင်းသားစားရင်းကောက်ယူတာတွေကို မြို့နယ်အလိုက် ပညာရေးဦးစီးရုံးတစ်ခုချင်းစီကတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကျောင်းအတွက် ဝန်ထမ်းကို နဂိုကတည်းက အဲဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ဆရာမတွေ၊ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ချင်တယ်၊တာဝန်ထမ်းဆောင်ရဲတဲ့သူတွေ၊ Non-CDM ဖြစ်ဖြစ် CDM ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဒီကျောင်းမှာပဲဆက်လက်တာဝန်ထမ်းဆောင်ချင်တယ်ဆိုတဲ့သူတွေကိုတော့ ကျနော်တို့က ကျနော်တို့ရဲ့ ဝန်ထမ်းအဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး တာဝန်ထမ်းဆောင်ခိုင်းမယ်။ ပြီးတော့ ဆရာ မလောက်တဲ့ကျောင်းကိုတော့ အပြင်ကနေကျောင်းဆရာထပ်ဖြည့်ပေးတာတို့၊ ဒီက ကျနော်တို့ IED ကကျောင်းဆင်းတွေလည်းရှိတယ်။ အဲလိုလူတွေနဲ့ အားလုံးလက်တွဲပြီး ပြုလုပ်သွားဖို့ပြင်ဆင်နေတယ်။” လို့ KIOပညာရေးဦးစီးချူပ် လက်ထောက်တာဝန်ခံက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။

 KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့၊ မန်ဝိန်းကြီးနဲ့ မိုင်းခေါင် စတဲ့နေရာဒေသက ကျောင်းတွေကိုတော့ KIO ဗဟိုဌာနချူပ်ပညာရေးဌာနကဦးစီးကာ ကျောင်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အလားတူ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ စတဲ့ နေရာတစ်ချို့တွေမှာလည်း ကျောင်းဆရာ၊ဆရာမ ခန့်အပ်တာ၊ စားရင်းကောက်တာ၊ ကျောင်းသားစားရင်းယူတာတွေကို မြို့နယ်အလိုက် ပညာရေးဌာနရုံးတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိ ပညာရေးဝန်ထမ်းစာရင်း ကောက်ယူပြီးပါက လာမယ့်ဇွန်လ လဆန်းကစပြီး လိုအပ်တဲ့ ကျောင်းဆရာ၊ဆရာမတွေကို မွမ်းမံသင်တန်းပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

KIA ဘက်ကသိမ်းပိုက်ထားတဲ့နေရာဒေသတွေမှာ ကျောင်းစတင်ဖွင့်လှစ်သွားဖို့  ကျောင်းဆရာ၊ဆရာမခန့်အပ်ဖို့ ပြင်ဆင်ရာမှာ CDM ဆရာ၊ဆရာမတွေကို ဦးစားပေး ခေါ်ယူခန့်အပ်စေချင်တယ်လို့ CDM ဝင်နေတဲ့ ကျောင်းဆရာမတချို့က ပြောပါတယ်။

“CDM တွေကိုအရင်ဆုံး ဦးစားပေးစေချင်တယ်။ ဆွဲခေါ်စေချင်တယ်။ CDMကြောင့် အပြင်ရောက်နေတဲ့ ပညာရှင်တွေအများကြီးရှိတယ်။ တက္ကသိုလ်ပြီးစီးအောင်မတက်လိုက်နိုင်ပဲ CDM ဝင်သွားတဲ့ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ ဒါတွေကို ပြန်ပြီးမွမ်းမံပျိုးထောင်ပေးပြီ ပြန်အကျိုးပြုနိုင်မယ်။ ဒီလိုဆိုရင်ပိုသင့်တော်မယ်လို့ ခံစားမိတယ်။” လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

KIO/KIA  ထိန်းချူပ်နယ်မြေတွင်းများရှိတဲ့ ပုံမှန်ဖွင့်နေတဲ့ ကျောင်းတွေကတော့ မေလ ၂၅ ရက်နေ့က စပြီး ကျောင်းသားနာမည်စားရင်းလက်ခံတော့မှာဖြစ်ပေမဲ့ KIA သိမ်းပိုက်ထားတဲ့ မြို့ရွာ၊တွေမှာတော့ KIO ပညာရေးယန္တရားလည်ပတ်ဖို့ ပြင်ဆင်စရာများ ရှိနေသေးတာကြောင့် ကျောင်းဖွင့်နောက်ကျမယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး စစ်ဆင်ရေးအရှိန်မြှင့်တင်လိုက်ရာ လက်ရှိထိဆိုရင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအာလုံး ထိန်းချူပ်လိုက်နိုင်ပြီဖြစ်ပြီး မြို့ပေါင်း ၆ မြို့ခန့် သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button