သတင်း

ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်နေပြီး ပြည်သူတွေတစ်ချို့ဆန်ပြုတ်သောက်နေရပြီလို့ဆို

မြစ်ကြီးနား- ပူတာအိုလမ်းမကြီး သွားလာခွင့်ပိတ်ထားတာ၂ လကျော်ကြာလာတာနဲ့အမျှ ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်မှုကြုံတွေ့နေကြရပြီး ဒေသခံတစ်ချို့ ဆန်ပြုတ်သာစားနေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပူတာအိုမှာ ဆန်ပြတ်လပ်မှုတွေရှိနေတဲ့အပြင် ဒေသထွက်ဆန်တွေဟာဆိုရင်လည်း ဈေးကြီးပေးဝယ်စားနေရတဲ့အတွက် ဆန်ပြုတ်ကိုသာစားနေရတဲ့ ဒေသခံတွေရှိနေပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

“တစ်ချို့ကျတော့လည်း ရှိတဲ့ဟာလေးတွေကိုရောင်းပြီး ဆန်ဝယ်စားတာတွေ ခက်ခက်ခဲခဲဖြေရှင်းနေကြတာ တွေရှိတယ်။ တစ်ချို့တစ်ချို့ဆိုရင်တော့ ထမင်းတောင်မချက်စားနိုင်တော့ဘူးလေ၊ ဆန်ပြုတ်လေးတွေ ချက်ပြီးမှ ဆန်ပြုတ်တွေသောက်ပြီး ဖြတ်သန်းနေကြတာတွေလည်းရှိတယ်လေ၊ အဓိကတော့ ဒီလမ်းမြန်မြန် ဖွင့်ပေးစေချင်တာပေါ့” လို့ပြောပါတယ်။

ပူတာအိုမှာ လက်ရှိဒေသဆန် တစ်ပုံး ၁ သိန်းခွဲ၊ ဓာတ်ဆီတစ်ပုလင်း ၈ သောင်းဝန်းကျင်၊  အိုင်အိုဒင်းဆားတစ်ထုပ် ၅ထောင်ကျပ်၊ မာမီးခေါက်ဆွဲတစ်ထုတ် ၂ထောင်ကျပ်ထိရှိနေတဲ့အပြင် ကျန်တဲ့ကုန်စိမ်းပစ္စည်းတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေလည်း ဈေးတွေသာတက်နေပြီး ဝယ်ယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ကုန်စည်တွေပြတ်လပ်မှုတွေလည်း ရှိနေတဲ့အတွက် ငွေကြေးတတ်နိုင်ပေမယ့် ဝယ်လို့မရတော့ဘူးလို့ မချမ်းဘော့က ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။

“ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူးလေ၊ အခုဆို ဆိုင်တွေမှာ တစ်ထောင်နှစ်ထောင်နဲ့ ဘာမှမရတော့ဘူးလေ အကုန် တစ်သောင်းနှစ်သောင်းအထက်ဘဲဖြစ်ကုန်ပြီလေ၊ ကလေးတွေအတွက် မုန့်ဆိုတာတောင် မရှိတော့ဘူး။ ဆန်တွေဆိုရင်လည်း ၁ သိန်းနဲ့တောင်မရတော့ဘူး၊ မချမ်းဘော့မှာဆို ဈေးတွေမှာ ဆန်တွေတောင်မရောင်းတော့ဘူး၊ မရောင်းတော့တာအရမ်းကြာပြီ”လို့ပြောပါတယ်။

လက်ရှိ ပူတာအိိုမြို့နယ်ထဲက မြို့နဲ့နီးတဲ့နေရာတွေမှာ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုအနည်းငယ်ရနေပေမယ့်  မြို့နဲ့ ဝေးပြီး လယ်ယာမလုပ်တဲ့ ဒေသခံပြည်သူတွေကတော့ အခက်ခဲဆုံးအခြေအနေကို ကြုံနေရတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပူတာအိုမြို့နယ်ရဲ့ တစ်ချို့နေရာတွေမှာ ပရဟိသအသင်းတွေ၊ အသင်းတော်တွေကတစ်ဆင့် ကူညီပေးတာမျိုးတွေတော့ရှိနေတယ်လို့လည်း သိရပါတယ်။

ပူတာအိုဒေသခံတွေဟာ စက်သုံးဆီ ရှားပါးမှုကြောင့် သွားလာရေးခက်ခဲနေသလို ကုန်စျေးနှုန်းမြင့်မားမှုကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးကုသရေးအတွက် ခက်ခဲမှုကြုံနေရတာဖြစ်ပါတယ်။

ဒါကြောင့်  မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းသွားလာခွင့်ကို ဒီ့ထက်မကရှည်ကြာအောင်ပိတ်ထားပါက ပြည်သူတွေဒီထက်ပိုမို ခက်ခဲလာမှာဖြစ်တဲ့အတွက် လမ်းတွေကို ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော်KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

By – BU BU

Show More

Related Articles

Back to top button