သတင်း

ဖားကန့်မြို့ လူနေရပ်ကွက်မှာကျောက်စိမ်းတူးဖော်နေတာကြောင့် သောက်သုံးရေခက်ခဲနေ

ကချင်ပြည်နယ် ဖားကန့်မြို့၊ မြို့မရပ်ကွက်ထဲက လူနေအိမ်ဝန်းထဲမှာ စက်ယန္တရားသုံးပြီး ကျောက်စိမ်းတူးဖော်နေတာကြောင့် အနီးဝန်းကျင်ရပ်ကွက်နေပြည်သူတွေ သောက်သုံးရေခက်ခဲနေတယ်လို့ သိရပါတယ်။

ဖားကန့် မြို့မရပ်ကွက်ထဲက ဦးမောင်မောင် (ခေါ်)အဏ္ဏဝါငယ် ရဲ့နေအိမ်ခြံဝင်းထဲမှာ တိုက်‌ဆောက်မည်ဆိုပြီးခေါင်းစဥ်တပ်ကာ ကျောက်စိမ်းတူးဖော်တာတွေလုပ်ဆောင်နေတာကြောင့် အနီးဝန်းကျင် ရပ်ကွက်နေပြည်သူတွေသောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ဖားကန့်မြို့ မြို့မရပ်ကွက်နေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

စစတုန်းကတော့အိမ်ဆောက်မယ်ဆိုပြီးခေါင်းစဥ်တပ်တာ ဖောင်ဒေးရှင်းချနေတယ်ပေါ့။ ဒါပေမယ့်အချိန်က ၂လသာကျော်သွားတာ ဘာဖောင်ဒေးရှင်းမှမချဘူး အထဲမှာက ကျောက်စိမ်းတူးနေတာ သူတို့ကျောက်စိမ်းတူးတော့ရေကနေ့တိုင်းစုပ်ထုတ်လို့ခါတိုင်းပုံမှန်သုံးတဲ့ရေတွင်းကြီးကသုံးမရဘူး ရေခမ်းနေတာမီးလာလို့ရေတင်ရင် ရေမပြည့်သေးဘူး ငါးမိနစ်လောက်ပဲတင်ရသေးတယ်။ ရေက ခမ်းသွားပြီလို့သူကပြောပါတယ်။

ဦးမောင်မောင်ဟာ နေအိမ်ခြံဝန်းထဲမှာ အိမ်ဆောက်ဖို့ဖောင်ဒေးရှင်းချမယ်ဟုဆိုပြီးလွန်ခဲ့တဲ့ မတ်လ ကတည်းက စက်ယန္တရားတွေနဲ့ကျောက်စိမ်းတူးဖော်နေတာလို့ဒေသခံတွေကဆိုပါတယ်။

လက်ရှိဦးမောင်မောင်ကျောက်စိမ်းတူးနေတဲ့ နေရာဟာ မြို့မရပ်ကွက်ထဲ ကျောက်ဝိုင်းအနီးမှာဖြစ်ပြီး အဲ့ဒီကျောက်စိမ်းတူးဖော်မှုကြောင့်ကျောက်ဝိုင်းကပြည်သူတွေနဲ့အနီးဝန်းကျင် လူနေအိမ် ၁၀ အိမ်အသုံးပြုနေတဲ့သောက်ရေတွင်းရေခမ်းမှုတွေဖြစ်နေတယ်လို့ ကျောက်ဝိုင်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုဘလတ်မောင်မောင်တူးနေတဲ့နေရာတဲ့ရေတွင်းနဲ့က ပေ ၂၀၀ လောက်ပဲကွာတယ်။ ဒါကျနော်တို့ကျောက်ဝိုင်းနဲ့ဆိုရင်တော့ ရေမြောင်းလေးပဲ ခြားတယ်ဆို‌ပေမယ့် အခုတူးနေတဲ့နေရာကမြေနှိမ့်ပိုင်းဖြစ်သွားတော့ရေကအဲ့ဘက်ကိုပိုစီးသွားတာ ကျောက်ဝိုင်းကလူတွေရောသူ့ဘေးကအိမ်တွေရောဒီရေတွင်းတစ်ခုထဲပဲသုံးနေတာ လူသုံးများပြီးအခုလိုရေစုပ်ထုတ်နေတော့ရေကသုံးမလောက်ဘူးလို့ သူကပြောပါတယ်။

ဦးမောင်မောင်ဟာ ကျောက်စိမ်းတူးနေတဲ့ခြံဝင်းကို  ၇ ပေမြင့်တဲ့သွပ်တွေနဲ့ ပတ်ပတ်လည်ကာရံထားပြီး ခြံဝန်းထဲကနေ ခြံပြင်ဘက်ကို စက်ကြီးတွေနဲ့နေ့စဥ်ရေစုပ်ထုတ်တာ၊မြေကောထုတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလိုလူနေရပ်ကွပ်ထဲ ကျောက်စိမ်းတူးနေတာကြောင့် ရပ်ကွက်နေပြည်သူတွေသောက်သုံးရေအခက်အခဲ ဖြစ်သလို စက်သံတွေကြောင့် ပတ်ဝန်းကျင်ဆူပှုမှုတွေလည်းဖြစ်စေတယ်လို့သိရပါတယ်။

ဦးမောင်မောင်အနေနဲ့အခုလိုလူနေရပ်ကွက်ထဲ ပေါ်ပေါ်ထင်ထင် ကျောက်စိမ်းတူးနေတာကြောင့် ဖားကန့်ကျောက်စိမ်းရုံးနှင့်စည်ပင်ရုံးတွေကို ပြည်သူတစ်ချို့က ပြစ်တင်ဝေဖန်ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဖားကန့်ဒေသထဲကျောက်စိမ်းတူးဖော်ခွင့်ကိုတားမြစ်ပိတ်ပင်ကြောင်းနဲ့ တူးဖော်သူတွေကိုအရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့အထိ ဖားကန့်မှာကျောက်စိမ်းတူးဖော်မှုတွေတစ်နေ့တခြားပိုမိုများပြားလာနေပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button