သတင်း

တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်မြို့ဒေသခံပြည်သူသုံးထောင်ဝန်းကျင်အတွက် အစားအ သောက်နဲ့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲနေရာနဲ့ နီးစပ်တဲ့ နန့်မွန်မြို့ထဲက ဒေသခံပြည်သူတွေ အများပိုင်းက နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။

နန့်မွန် စစ်ရှောင် ၃ ထောင်ဝန်းကျင်ထဲက တစ်ထောင်ဝန်းကျင်လောက်ဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ညောင်ပင်နဲ့ နမောဂမ် စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူညီအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

နန့်မွန်ကျေးရွာမှာက တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ဒါပေမယ့် အနီးတဝိုက်မှာတိုက်ပွဲတွေဖြစ်တယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီးတဲ့အတွက် တိမ်းရှောင်သွားကြတယ်။ အခုပြန်ဖို့ဆိုရင်လည်း ရွာတွေမှာက ရှမ်းနီပြည်သူ့စစ်အမည်ခံတဲ့အဖွဲ့တွေက သောင်းကျန်နေတယ်။ ပြီးရင် ဒီဘက်မှာက စစ်ရေးတင်းမာတာတွေအမြဲတမ်းဖြစ်နေတော့ နေရပ်မပြန်နိုင်ကြာတာ။ ဒီမှာက အကူအညီလည်းသိမ်မရတော့ ကြာလာရင်တော့ ခက်ခဲလာကြတယ်လို့ပြောပါတယ်။

လက်ရှိ ညောင်ပင်နဲ့ နမောဂမ် နေရာမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေထဲမှာ များသောအားဖြင့် နန့်မွန်မြို့ထဲက ကချင်ရပ်ကွက်တွေအများဆုံးဖြစ်ပြီး စစ်ရှောင် လူဦးရေတစ်ထောင်ကျော်နဲ့ အိမ်ထောင်စု ၂၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ နေရပ်ပြန်ချင်ကြပေမယ့် နန့်မွန်မြို့ထဲ စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ်အမည်ခံအဖွဲ့က ကချင်နေအိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးမေးမြန်းတာ၊ ကချင်အမှတ်အသားပါတဲ့အဝတ်အစားတွေနဲ့ လမ်းပေါ်သွားလာတဲ့သူတွေကိုလည်း ဖမ်းဆီးရိုက်နက်ပြီး ခြိမ်းခြောက် သတိပေးပြောဆိုတာတွေ လုပ်နေတာကြောင့် နေရပ်မပြန်ရဲဘဲ တိမ်းရှောင်နေတဲ့ နေရာမှာပဲ ရှိနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေတာနဲ့ ပတ်သက်ပြီး အဓိက အစားအသောက်၊ ဆေးဝါး အပြင်၊ ကိုယ်ဝန်းဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို အဓိက လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ယူလာတဲ့ အစားအသောက်တွေက သုံးလလောက်နဲ့ ကုန်သွားပြီလို့ပြောလို့ရပါတယ်။ ဆက်ပြီးမှလည်း ဘယ်လောက်အထိ ကြာအုံးမှာလည်း မသိရဘူး။ ပြီးရင် အစားအသောက်ခက်နေတဲ့ ကြားထဲ ပြန်ပြီး ထွက်ပြေးတိမ်းရှောင်ရမှာကို ပိုပြီးစိုးရိမ်နေရတယ်။ ဘာပဲဖြစ်ဖြစ် အစားအသောက်ရှိရင်က ဘယ်ကိုပဲ ပြန်တိမ်းရှောင်ရ တိမ်းရှောင်ရ သူ့ဟာနဲ့ သူအဆင်ပြေသွားမယ်လို့ ထင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက စတင်တိမ်းရှောင်ခဲ့တဲ့ အချိန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တစ်ကြိမ်၊ ဂရုဏာအဖွဲ့အစည်းက တစ်ကြိမ် ၊ စုစုပေါင်း ၂ ကြိမ်တိတိ စစ်ရှောင်အကူအညီ လက်ခံရရှိပြီးနောက် နှစ်လဝန်းကျင်လောက်အကြာ ယနေ့အထိ အကူအညီထပ်မရရှိတော့ဘူးလို့ ပြောပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ အစားအသောက်ပြတ်လပ်လာတဲ့အခြေအနေမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းကလွဲပြီး အပြင်ထွက်သွားလာဖို့ လုံခြုံရေးအတွက်ပါ စိုးရိမ်နေရတဲ့အတွက် အခုလို စစ်ရှောင်အကူအညီတွေ ပိုပြီးလိုအပ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

အင်းတော်ကြီးဒေသထဲမှာ ကချင်စစ်ရှောင် တစ်ထောင်ကျော်အပြင် တစ်ခြားသော တိုင်းရင်းသား‌တွေဖြစ်ကြတဲ့ ရှမ်း၊ ဗမာ စတဲ့ စစ်ရှောင်ပြည်သူ လူဦးရေနှစ်ထောင်ကျော်အတွက်လည်း လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button