တိုက်ပွဲသတင်း

မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ

ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ မုန်ယာ(Mungya) ကျေးရွာ နမ့်မွေချောင်းအနီး ရွှေတူးဖော်နေချိန် မြေပြိုကျလာလို့ စုစုပေါင်းပြည်သူ ၃ ဦးမြေပိခဲ့ပေမယ့် ၂ ဦးကို အချိန်မှီကယ်ထုတ်နိုင်ခဲ့တာလို့ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ရွာအနီးက နမ့်မွေ(Nammwi)ချောင်းနားမှာပဲ လက်ကျင်းနဲ့ ပဲ တူးကြတဲ့နေရာမှာ မိုးကပြန်ရွာနေတော့ ရွှေကြောမြေထုတ်ယူနေရင်း မြေပြိုလာလို့ ၃ ယောက်မြေပိသွားတာ။ မိခင်တစ်ဦးကတော့ သေဆုံးသွားတယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ ရွာသားတွေ အမြန်ပြန်ထုတ်ယူပြီး အခုရွာဆေးခန်းမှာ ပို့ထားတယ်လို့ မုန်ယာ(Mungya) ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ ဒေါ်ဘလူ့ရွယ် အသက် ၂၁ နှစ်အရွယ် မိခင်တစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ နောက်ထပ်အမျိုးသမီးမိခင်တစ်ဦးနဲ့ လူငယ်ယောက်ျားလေး ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ဒေသခံပြည်သူတွေ အချိန်မှီကယ်ထုတ်နိုင်ခဲ့တာကြောင့် အသက်ဘေးလွတ်လာတာဖြစ်ပြီး လက်ရှိ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာဆေးကုသခံယူနေတယ်လို့ ဆိုပါတယ်။

ရွာသားတွေ မြန်သွားလို့ ၁၅ မိနစ်လောက်သာ နောက်ကျကြည့် ၃ ဦးလုံးပြီးပြီပဲ။ ရှေ့အရင်တစ်ခေါက်ကလည်း ၂ ကြိမ် ၃ ကြိမ်လောက် အနည်းအကျင်း မြေပြိုတာတွေရှိတယ်။ ဒါပေမဲ့ လူသေဆုံးတဲ့အထိဆိုးတာတော့ ဒီတစ်ကြိမ်ပထမဆုံးပေါ့” လို့ မုန်ယာဒေသခံကဆက်ပြောပါတယ်။

မုန်ယာရွာအနီး နမ့်မွေချောင်းမှာ ရွှေတူးဖော်တဲ့ ကုမ္မဏီလုပ်ကွက် ၃ ခုရှိပြီး ဆိုက်တစ်ခုမှာ ဘတ်ဖော ၃ စီး စုစုပေါင်း စက်ယန္တရားကြီး ၉ စီးနဲ့ ရွှေတူးဖော်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေတူးဖော်နေတဲ့ နမ့်မွေချောင်းဟာ ရွာကနေ ဆိုင်ကယ်နဲ့ ၅ မိနစ်လောက်သွားရတဲ့အကွာအဝေးမှာရှိပြီး  ဒီနှစ်နွေရာသီကစ လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ ဝင်ရောက်လာပြီး ရွှေတူးဖော်မှုစတင်လာခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မိုးတွင်း စက်ယန္တရားကြီးနဲ့တူးဖော်တဲ့လုပ်ကွက်တွေ ယာယီရပ်နားထားချိန် ဒေသခံတွေ လက်ကျင်းနဲ့ ရွှေလိုက်ကျင်ရာကနေ မကြာခနမြေပြိုတဲ့ဖြစ်စဉ်တွေရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ မုံးပေါ်ဒေသ မုန်ယာကျေးရွာနှင့် နောင်ခမ်းကျေးရွာကြားက ဒေသခံပြည်သူတွေ သောက်သုံးရေအဖြစ် အသုံးပြုနေတဲ့ နမ့်ဆေ(Namse hka)ချောင်းကို ကိုးကန့် MNDAA ဘက်က အသိပေးခြင်းမရှိပဲ ရွှေတူးဖော်မှုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ ကန့်ကွက် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေ မုန်ယာ(Mungya) တိုက်နယ် နမ်ဖာ(Namhpa)ရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီ ခမရ ၅၆၇ တပ်ရင်းကို KIA ဘက်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ရှိ မုန်ယာဒေသကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIA/KIO ထိန်းချူပ်အုပ်ချူပ်နေတာဖြစ်ပါတယ်။

မုန်ယာကျေးရွာမှာ အိမ်ခြေ ၁၂၀ လောက်ရှိပြီး မုန်းပေါ်ဒေသ ဝိန်းဆိုင်ကျေးရွာနဲ့ မုံးကိုးမြို့ကြားမှာမှာ တည်ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button