ပူတာအို ထဝါဒမ်းကျေးရွာအထိုင်တပ် စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကြပ်ထား

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ထဝါဒမ်းကျေးရွာအထိုင်တပ်ကို စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်နေပြီး လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။
ပူတာအိုမြို့ အရှေ့ဘက်ခြမ်း၊ ထဝါဒမ်း စစ်ကောင်စီအထိုင်တပ် (ထောက်ပို့တပ်) ထဲမှာ စစ်အင်အားအလုံးအရင်း ဖြည့်တင်ထားတဲ့အပြင် တပ်တွင်း၊ တပ်ပြင် လုံခြုံရေးတွေလည်းတင်းကြပ်ထားတယ်လို့ ထဝါဒမ်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အခုကတော့ရှင်းရှင်းပြောရရင်ခွေးတိုးပေါက်လေးတောင်မကျန်ထားဘူး။ ဘေးပတ်ပတ်လည် သုံဆူးကြိုး နှစ်ထပ်ကာထားတယ်ပြီးတော့ ဘန်ကာတွေလည်း အဆင့်ဆင့်ပဲ လုပ်ထားတယ် တပ်ပတ်ပတ် လည်မှာလည်း ဂတုတ်ကျင်းတွေပတ်ပတ်လည်တူးနေတယ်”လို့ အသက် ၄၃ နှစ်အရွယ်ရှိ အထက်ပါအမျိုးသားက ပြောပါတယ်။
ထဝါဒမ်းကျေးရွာ အထိုင်တပ်ကို ခြံစည်းရိုးအသစ်ခတ်တာ၊ ကတုတ်ကျင်း တူးတာတွေအပြင် ဘန်ကာတွေအထပ်ထပ် တည်ဆောက်တာတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းကလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ လက်အောက်ခံတပ်ဖြစ်တဲ့ ထဝါဒမ်း (ထောက်ပို့)တပ်ဟာ ပုံမှန်အားဖြင့် စစ်အင်အား ၅၀ ဝန်းကျင်လောက်သာရှိတယ်လို့ သိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ အင်အား ၁၂၀ ဝန်းကျင်လောက်အထိ အင်အားတိုးမြင့် ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီ ထဝါဒမ်းစစ်တပ်ဟာ ရွာအဝင်မှာ ထိုင်ထားတာဖြစ်ပြီး လက်ရှိ ရွာအဝင်အထွက်ကိုဂိတ်ထိုင်ပြီး အစစ်အဆေးလုပ်တာ၊ စစ်တပ်ပတ်ပတ်လည် မှာ ကင်းပုန်းချထားတာတွေကြောင့် ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရဖြစ်နေတယ်လို့ ထဝါဒမ်းကျေးရွာနေ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ကတော့ရွာသားတွေလည်းတပ်ထဲမှာ စျေးရောင်းဘာညာဝင်လို့ရတယ်အခုကတော့လုံးဝအဝင်မခံဘူး တစ်လလောက်ရှိပြီ ပြီးတော့ ဂိတ်ရှေ့မှာလည်းစစ်ဆေးမေးမြန်းရှိလာတယ် တပ်အနီးတဝိုက် တောစပ်တွေမှာလည်းသူတို့ စစ်သားတွေကင်းစောင့် တာရှိတယ်ဗျ။ ရွာသားတွေတော့ လွတ်လွတ်လပ်လပ် တော့မရှိတော့ဘူးသတိထားနေရတယ်”လို့ သူကပြောပါတယ်။
အဲ့ဒီ ထဝါဒမ်းကျေးရွာထောက်ပို့တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မေလ တုန်း ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးနောက် ဇွန်လလကုန်ပိုင်းက ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို တပ်ဆုတ်သွားခဲ့ပေမယ့် လအနည်းငယ်အကြာမှာ တပ်ပြန်ထိုင်လာတာဖြစ်ပါတယ်။
မျက်မြင်တွေ့တဲ့ဒေသခံတွေပြောပြချက်အရ အဲ့ဒီထဝါဒမ်းတပ်ထဲမှာ စားနပ်ရိက္ခာတွေ နဲ့လက်နက်၊ခဲယမ်းတွေအများပြား သိုလှောင်ထားတယ်လို့ ဆိုပါတယ်။
ပူတာအို ခ.လ.ရ ၄၆ တပ်ဟာ လက်ရှိ ထဝါဒမ်းထောက်ပို့တပ်ကို အခုလိုအင်အားဖြည့်ပြီးစစ်ရေးပြင်ဆင်နေတဲ့အပြင် ပူတာအို –မြစ်ကြီးနား လမ်းပိုင်းမှာရှိတဲ့ လုံရှာယာန် ၊တန်ဂျာ၊ ဆွမ်ပီယန်ကျေးရွာတွေမှာလည်း စစ်သားအင်အားတွေအလုံးအရင်းချထားတယ်လို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့ကို ၂၀၂၄ ခုနှစ်မေလတုန်းက သိမ်းပိုက်ခဲ့သလို ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်နေ့မှာလည်း ခေါင်လန်ဖူးမြို့နယ်ထဲက ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ လာဟူဆယ် မဆုတ်တမ်းရှေ့တန်း ခံစစ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
By – Zaw Zaw