ဝိုင်းမော်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀–၃၅ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး အများစုကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ဒီနေ့တွေ့တယ်ဆိုရင် ဒီနေ့လိုင်းပေါ်တင်ပေးလိုက်ပြီး နောက်နေ့ဆို မြုပ်လိုက်ပြီ အလောင်းတွေက ကြာကြာထားလို့ မရဘူး တချို့အလောင်းတွေက အခြေအနေဆိုးနေပြီ ထားလို့မကောင်းတော့ဘူး” လို့ ဆိုပါတယ်။
ရုပ်အလောင်းတွေကို များသောအားဖြင့် ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်မှာ တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေကတော့ ဝိုင်းမော်ဒေသခံတချို့နဲ့ မြန်မာနိုင်ငံအောက်ပိုင်း အညာဒေသဘက်ကနေ ဝိုင်းမော်ငှက်ပျောခင်းတွေမှာ အလုပ်လာရောက် လုပ်ကိုင်တဲ့ တကိုယ်တည်းသမားတွေ ဖြစ်တယ်လို့ သိရပါတယ်။
လူမှုကယ်ဆယ်ရေးအသင်းတွေအနေနဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကို ဖော့စဘုတ်လူမှုစာမျက်နှာမှာ ကြေညာပေးတာ ဖြစ်ပြီး နောက်တစ်ရက်မှာ ပိုင်ရှင်မဲ့အနေနဲ့ သင်္ဂျိုလ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
သို့ပေမယ့် ဝိုင်းမော်မြို့အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်လိုင်းပြတ်တောက်နေဆဲဖြစ်တဲ့အတွက် ပိုင်ရှင်တွေ့ရှိရန် ခက်ခဲနေဆဲ ဖြစ်နေတယ်လို့ သိရပါတယ်။
By – Hope