ယာယီ ပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်

ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့ သိရပါတယ်။
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို လက်နက်ကြီးတွေ မကြာခန ရမ်းသမ်းပစ်ခတ်နေသလို မြစ်ကြီးနားမြို့အထက်ဘက် မြစ်ဆုံဘက်ကနေလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဖေဖော်ဝါရီ ၅ရက်နေ့က ယာယီ ပိတ်လိုက်တဲ့ပူတာအို–မြစ်ကြီးနားလမ်းပိုင်း ဒီကနေ့ မနက် ၁၁ နာရီကနေပြန်ဖွင့်လိုက်ပြီလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဦး စောနွဲ့ Khun Sai Kham ကပြောပါတယ်။
“ဆွမ်ပီယန်ဘက်ကနေလည်းတိုက်ပွဲ မဖြစ်ပဲလက်နက်ကြီးတွေခနခနပစ်တယ်ပြီးတော့ မြစ်ဆုံဘက်ကနေလည်း စစ်ရေးလှုပ်ရှားမှုတွေရှိလာတော့ ထိတွေ့မှုတွေရှိရင်ပြည်သူလူထု ထိမှာဆိုးလို့ ယာယီမဖြတ်ခိုင်းတာဟုတ်တယ် ဒါပေမယ့်ဒီနေ့ပြန်ဖွင့်ပါပြီမြေကနေသတင်းပို့လာပါတယ် ကားလမ်းပြန်ဖွင့်ပြီဖြစ်ကြောင်းကို” လို့ သူက ပြောပါတယ်။
ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ကို မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ဒီကနေ့ မနက် ၁၁ နာရီအထိ KIA ဘက်က ခေတ္တပိတ်လိုက်တာဖြစ်ပါတယ်။
အလားတူယခုရက်ပိုင်း ဆွမ်ပီယန်ကျေးရွာမှာထိုင်ထားတဲ့စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့ဘက်ကိုမကြာခန လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တရားဝင်ကားလမ်းပိတ်ထားတာမျိုးမရှိပေမယ့် ကားလမ်းပိတ်စို့မှုတွေတော့မကြာခနရှိနေတယ်လို့ကားသမားတစ်ဦးကပြောပါတယ်။
“ဟိုဘက်က လက်နက်ကြီးတွေခနခနပစ်တော့ ကားကသွားလို့မရဘူးလေ ကျနော်ဆိုရင် မြစ်ကြီီးနားကနေ လေးရက်နေ့(ဖေဖော်ဝါရီ ၄) ကတက်သွားတာ ငါးရက်နေ့မှပူတာအိုရောက်တယ်ဗျ တစ်ညတော့အိပ်လိုက်ရတယ်လမ်းမှာ” လို့ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာမောင်းနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကနေစလို့ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့အထက် မြစ်ဆုံဘက်ကိုစစ်ရေး လှုပ်ရှားမှုတွေခပ်စိတ်စိတ်ရှိလာသလို ပူတာအိုမြို့နယ်ဘက်က လုံရှာယာန် ၊တန်ဂျာနဲ့ ဆွမ်ပီယန်ကျေးရွာတွေမှာလည်းစစ်အင််အားတွေအလုံးအရင်းနဲ့ ဖြည့်တင်နေတယ်လို့သိရပါတယ်။
ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းရှိ ပူတာအိုမြို့နယ်ထဲက ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ ကျော်တပ်ထိုင်ထားသလို ဆွမ်ပီယန်ကျေးရွာနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ပေါ်မှာလည်း KIA ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့တပ်ထိုင်ထားတယ်လို့ သိရပါတယ်။
လက်ရှိ နှစ်ဖက်စစ်တပ် စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိနေပြီး တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိသေးပေမယ့် စစ်ကောင်စီတပ်ဘက်ကနေ KIA ပူးပေါင်းတပ်တွေဘက်ကို မကြာခနလက်နက်ကြီးပစ်ခတ်နေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ကတဆင့် သိရပါတယ်။
မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းအချို့ကို ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် မြစ်ကြီးနားမြို့အထွက်နဲ့ ပူတာအိုမြို့နယ်အဝင်နေရာတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
By – Zami