သတင်း

‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့’ KIO ဥက္ကဋ္ဌ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြောဆို

လေးနှစ်တာအထိ ပြည်သူအာဏာ လုယူထားဆဲဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါင်းအပါတွေအနေနဲ့ ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ (၆၄နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ KIO/KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ SAC တာဝန်ရှိသူတွေကိုလည်း ဒီကနေ ပြောလိုက်ချင်ပါတယ်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ ရှာဖွေနေတာတွေမဖြစ်စေပါနဲ့လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီလ ၅ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ ကချင်တော်လှန်ရေးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ အာဏာကို  ‘တိုင်းပြည်အေးချမ်းသာယာလာဖို့မှာ အသုံးချသင့်တယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုထားတာဖြစ်ပါတယ်။

KIO/KIA ဥက္ကဋ္ဌ ပြောဆိုတဲ့ (၆၄) နှစ်ပြည့်င်တော်န်ရေး နေ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးလုပ်ငန်းမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နေတဲ့ တော်လှန်ရေးမဟာမိတ်တွေအနေနဲ့လည်း အချင်းချင်းလက်တွဲကူညီဖေးမဖို့ လိုအပ်သလို အချင်းချင်းကြားမှာ ပြဿနာမဖြစ်လာအောင် စောင့်ထိန်းကာကွယ်ရမယ်လို့လည်းပါရှိပါတယ်။

တော်လှန်ရေးမဟာမိတ်အချင်းအချင်းကြား ပြဿနာမဖြစ်အောင် စောင့်ထိန်းကာကွယ်ရမယ်လို့ ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အချင်းအချင်း မြေနေရာ အငြင်းပွားမှု ပိုပြီး ဖြစ်လာတာကို မြင်တွေ့လာရတယ်လို့ KIO ဥက္ကဋ္ဌက ရည်ညွန်းပြောဆိုထားတာလည်းဖြစ်ပါတယ်။

အခုလို မြေနေရာအငြင်းပွားမှုဖြစ်တဲ့ ပြဿနာဟာ ဒေသအတွင်းမှာနေထိုင်တဲ့ ပြည်သူလူထုအချင်းချင်းကြား လူမျိုးရေးပြဿနာကိုသာ ပိုမိုကြီးထွားလာနိုင်တဲ့ ကစ္စရပ်ဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးအချင်းချင်း အပြန်အလှန်လေးစား အသိအမှတ်ပြုကြဖို့လည်း မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် KIO ဥက္ကဋ္ဌ  တော်လှန်ရေးမိန့်ခွန်းထဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့တွေကို သတိပေးပြောဆိုထားတာ တွေ့ရပါတယ်။

KIO/KIA ဥက္ကဋ္ဌ အနေနဲ့ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ပြောဆိုတာနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။

ပြည်သူလူထုကို ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ စစ်လက်နက်အားကိုးပြီး အုပ်ချုပ်ချင်တယ်။ စစ်လက်နက်နဲ့ပဲ အာဏာပါဝါ ထိန်းချုပ်ချင်တယ်။ စစ်လက်နက်နဲ့ပဲ နိုင်ငံကိုတည်ဆောက်ချင်တယ်။ အခုခေတ်မှာတော့ ဒီလိုနည်းလမ်းနဲ့ သွားလို့မရတော့ဘူး။ ဒီလိုလုပ်ရပ်တွေကို ပြောဆိုလာတာလို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

ဖိနှိပ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်ဖို့၊ တန်တူအခွင့်အရေးရရှိဖို့ ၁၉၆၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တော်လှန်ရေးခရီးစဉ်ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ (၆၄) နှစ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button