KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး

မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။
“ကျနော်တို့ဘက်ကနေ စစ်တပ်တွေ မတက်လာနိုင်အောင် အကုန်ပိတ်ထားတယ်။ တကယ်တော့ တက်လာရင်တော့ ကျနော်တို့နဲ့က တိုက်ပွဲတော့ဖြစ်လာမှာပဲ။ ဒီဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့တော့သိရတယ်” လို့ တယန်ဇွပ်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း တန်ဖရဲကျေးရွာနဲ့ ဝေရှီကျေးရွာကြား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုဟာ ၅ မိုင်လောက်အကွာမှာရှိပြီးတော့ ဝေရှီကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်၊ ၄ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အခုလို ခြေလျင်နဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာလည်းဖြစ်ပါတယ်။
အခုလို တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲကြောင့် ပူတာအိုကိုတက်တဲ့ကားလမ်းပိုင်းကိုလည်း မကြာခဏ ပိတ်ဆို့ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေကပြောပါတယ်။
လက်ရှိ တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာဘက်ကို နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တန်ဖရဲဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။
“တယန်ဇွပ်ကနေ တက်သွားတဲ့ ဝေရှီကျေးရွာမရောက်မှီမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေ့ဆိုရင် ဘယ်ကုန်ကားကိုမှ ဖြတ်ခွင့်မပေးဘူး။ မြစ်ကြီးနားဘက်ကို ပြန်လှည့်ခိုင်းတယ်။ တစ်ချို့ကုန်ကားတွေက ၄၂ မိုင်မှာအိပ်ကြတယ်။ နောက်တစ်ရက် သူတို့ပြန်ဖွင့်ပေးတဲ့ အချိန်မှာပဲ ပြန်တက်ကြတယ်” လို့ ပြောပါတယ်။
တယန်ဇွပ်ကျေးရွာဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ တယန်ဇွပ်၊ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည် စစ်ကြောင်းထွက်ခွာသွားကြတာဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့နယ် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)