အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ

စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဈေးတောင်ဘက်ခြမ်းအထည်ဆိုင်ကနေ မီးလောင်မှုစတင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
မီးလောင်ပြာကျခဲ့ရတဲ့ နဘားဈေးဟာ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေ အားထားကြရတဲ့ ဈေးကြီးဖြစ်တယ်လို့ သိရပါတယ်။
“အဲ့ဒီနဘားဈေးက အဲ့ဒီနားမှာရှိတဲ့ ရွာနီးချုပ်စပ်ကဒေသခံတွေအားလုံးက အားထားရတဲ့ဈေးဟုတ်တယ်။ သူကရွာကြီး လည်းဖြစ်တယ်။ ကျန်တဲ့ရွာတွေမှာက ဈေးတွေမရှိကြဘူး။ ဒါ့ကြောင့် ကျန်တဲ့ရွာတွေကလည်း ဒီမှာပဲဈေးဝယ်သွားကြရ တာဟုတ်တယ်” လို့ နဘားဈေး အရေးပါပုံကို နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကရှင်းပြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေအကြား မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးတဲ့ နောက်မှာတော့ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လက်ရှိ နဘားကျေးရွာအပြင် အနီးတစ်ဝှိုက်မှာ နေထိုင်သူတွေ သိပ်မရှိတော့သလို နဘားဈေးကလည်း အရင်လို မစည်ကားတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ “ဈေးရဲ့ ၃ ပုံ ၂ ပုံလောက်တော့ လောင်သွားတယ်ထင်တယ်။ ပေါ့ဆမီးကြောင့်လို့သိရတယ်။ ဈေးရဲ့တောင်ဘက် အထည် ဆိုင်ကစလောင်တာ။” လို့ ဆိုပါတယ်။
မီးငြိမ်းသတ်ရာမှာတော့ ဒေသခံတစ်ချို့နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
နဘားရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့ပေါ်နဲ့ ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင်နေခဲ့တာဖြစ်ပြီး ရပ်လိုက်နားလိုက် ဖြစ်နေရာကနေ
ဒီရက်ပိုင်းအတွင်း ပြန်လည်ရပ်နားထားတယ်လို့သိရပါတယ်။
အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နယ်စပ်မှာ ရှိပြီး မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကတည်းကပြင်းထန်လာခဲ့တဲ့အင်းတော်မြို့သိမ်း တိုက်ပွဲကြောင့် မြစ်ကြီးနား–မန္တလေး ကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့်ပိတ်ထားတဲ့ပြီး ကားသမားတွေဟာ တောလမ်းကို အသုံးပြုပြီး သွားလာနေကြရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
By – အမိုး