တိုက်ပွဲသတင်း

အင်းတော် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်

စစ်ကိုင်းကချင်အစပ်၊ အင်းတော်မြို့နယ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်ကစ စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရတဲ့ တုံးပုံကျေးရွာက ကာကင်းစခန်းကို ပြန်လည်ရရှိဖို့ မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးတွေနဲ့ လေကြောင်းပါအသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီတုံးပွမ်ကျေးရွာက ကာကင်းစခန်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က အပြင်းအထန် ခုခံခဲ့ပေမဲ့ လေကြောင်းပစ်ခတ်မှုတွေ ကြောင့် နောက်ဆုံးမှာ ကာကင်းကို လက်လွှတ်လိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

ရန်သူ့ရဲ့ပစ်မှတ်ကတော့ ဒီကုန်းကို မရမကပြန်ယူမယ်ဆိုပြီး မြေပြင်စစ်ကြောင်းရော၊ ဝေဟင်ရောပေါ့ အဝေးကနေ လက်နက်ကြီးပစ်ကူရောပေါ့ အားလုံးကို ဆက်တိုက်အသုံးပြုသွားတယ်။ ကိုယ့်ဘက်ကလည်းအပြင်းအထန်ခုခံပါတယ်။ သိတဲ့အတိုင်းပဲ လေယာဥ်ကိုတော့နိုင်တဲ့ဟာက ရှိမထားဘူးလေ။ အဲ့လေယာဥ်ကြောင့်ပဲ ဒီရထားတဲ့ကုန်းနေရာကို ပြန်ဆုတ် ပေးလိုက်ရတယ်။ အထိအခိုက်များပြီးတော့ပေါ့” လို့ ပြောပါတယ်။

ဒီ ကာကင်းစခန်းဟာ အင်းတော်မြို့နယ်အတွင်း နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသအခေါ်  “ဂျပန်လှိုဏ်ဂူ” အထိုင်ချစခန်းနဲ့ မြို့မဘုန်းကြီးကျောင်း အထိုင်ချစခန်းတို့ရဲ့ ကာကင်းစခန်းတွေထဲက တစ်ခုဖြစ်ပြီး စစ်ရေးအရ အချက်အချာ ကျတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ တုံးပုံရွာ ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ KIAPDF ဘက်က ၃ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ၁ ဦး သေဆုံးခဲ့သလို ကာကင်းစခန်းလက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိတဲ့အကြောင်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်ဘက်ကတော့ ဒီတိုက်ပွဲမှာ အကျအဆုံးများခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့တယ်လို့ KNG ကို အတည်ပြုပါတယ်။

ခြေထိလက်ထိတွေ နောက်ပြီး မစိုးရိမ်ဒဏ်ရာပေါ့နော်။ အဲ့လိုမျိုးတွေလည်းရှိတယ် အရေအတွက်ကတော့များတာ ဟုတ်တယ်။ များတယ်များတယ် လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

တုံးပုံရွာက ကာကင်းစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီလက်ထဲကနေ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒီတပ်စခန်းကိုပြန်ရဖို့အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းရော မြေပြင်စစ်ကြောင်းတွေပါသုံးပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင်နေခဲ့တာဖြစ်ပြီး ရပ်လိုက်နားလိုက် ဖြစ်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ဆုံးအပတ်မှာ  တကျော့ပြန်တိုက်ပွဲပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေးကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်ကသွားလာခွင့်ပိတ်ထားပြီး ကားသမားတွေ ဟာ တောလမ်းကိုအသုံးပြုပြီး သွားလာနေကြရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နယ်စပ်မှာရှိပြီး မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ် နဲ့ မန္တလေးမြစ်ကြီးနား ရထားလမ်းပေါ်မှာတည်ရှိတဲ့အတွက် နယ်မြေအနေအထားအရအချက်အချာကျတဲ့နေရာလို့ စစ်ရေးသုံးသပ် သူတွေကဆိုကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button