သတင်း

ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ လေး ရွာ ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း လေး ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။

ဟုမ္မလင်း PDF တွေ စိုးမိုးထားတဲ့ သဲနုတ်ဆွတ် ကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အပြင် လေယာဥ်တွေ နေ့စဉ် ကင်းထောက် ပျံဝဲနေတာကြောင့် သဲနုတ်ဆွတ်ကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာသုံးရွာဟာ ဟုမ္မလင်းမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီနေ့အထိလည်း လေယာဥ်တွေ သွားနေတုန်း အဲ့ဘက်ကိုအဲ့ဘက်က လွတ်မြောက်နယ်မြေဆိုတော့ ဒီတိုင်းတိုက်ပွဲ မဖြစ်ပဲ သွားကျဲတာ အခုရေပေါ်မီး၊ သဲနုတ်ဆွတ်ဘက်က လူတွေကိုမြို့ပေါ်ကို ဝါးထောင်တွေနဲ့ စုန်လာတာ အုံလိုက်ကျင်းလိုက်ပဲ”လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ဟုမ္မလင်းမြို့နဲ့ မိုင်ပေါင်း ၂၀ နီးပါး ကွာဝေးတဲ့ သဲနုတ်ဆွတ်ကျေးရွာကို ပြီးခဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်လေယာဥ်တစ်စီးဖြင့် ဗုံးကျဲခဲ့ရာ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်းအများအပြား ပျက်စီးခဲ့ပါတယ်။

သဲနုတ်ဆွတ်ဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်း က တိမ်းရှောင်နေကြရတာဖြစ်ပြီး သဲနုတ်ဆွတ်အနီးတဝိုက်ရှိ ရေပေါ်မီးရွာ၊ တောင်ဦးရွာ နဲ့ တာမယ်ပုတ် ကျေးရွာဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နောက်ပိုင်းကနေ စတင်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရေပေါ်မီးတို့ တာမယ်ပုတ်တို့က လည်း PDF စိုးမိုးနယ်မြေပဲ လေယာဥ်လာနေတော့ နေလို့မရဘူးလေး ဒီဘက်ကိုတဖြေးဖြေး ရောက်လာကြတာ တချို့လည်းတောထဲမှာပဲ”လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

အထက်ဖော်ပြပါ ကျေးရွာတွေထဲက ပြည်သူ ၅၀၀၀ ကျော်ဝန်းကျင်ဟာ လက်ရှိ မြို့ပေါ်ဘုန်းကြီး ကျောင်းနဲ့ နီးစပ်ရာအသိမိတ်ဆွေ နေအိမ်တွေမှာ တိမ်းရှောင်နေကြရပြီး လေးပုံတစ်ပုံလောက်က တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ကချင်နဲ့စစ်ကိုင်းအစပ်မှာ ရှိတာကြောင့် SNA နဲ့ စစ်ကောင်စီတပ်တွေအတွက် ဟုမ္မလင်းမြို့နယ်ထဲက စစ်ရေးအရအရေးပါတဲ့ နေရာတွေဖြစ်ကြောင်း သိရပါတယ်။

ရေပေါ်မီး၊ တာမယ်ဟုတ်၊ သဲနုတ်ဆွတ်နဲ့ ပါဟုတ်ကြီး၊ စုံတွဲမှော်စတဲ့ကျေးရွာတွေဟာ KIA နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်က သိမ်းပိုက်ထားတဲ့နေရာတွေဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button