သတင်း

ရွှေကူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထား

ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး မြို့ဝင်မြို့ထွက်နေရာတွေကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထွက်ရှိ ရွှေကူဗန်းမော်ကားလမ်းပိုင်းက အထက်လေးလမ်းဆုံဂိတ်နဲ့ ရွှေကူမြို့အဝင်ရှိ ရွှေကူမန္တလေး ကားလမ်းက အောက်လေးလမ်းဆုံဂိတ်တွေမှာ အင်းအားသုံးဂိတ်ထိုင်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံမှာ ဂိတ်ပြန်ချထားတာက ကြာပြီကော ဒါပေမယ့်အရင်ကတော့ အမြဲတမ်းမရှိဘူးလေ။ တခါတလေပဲထိုင်စစ်တယ် အခု နှစ်လနည်းနည်းရှိပြီအထိုင်ချပြီးတော့ကိုစစ်နေတော့တာ အဝင်အထွက် မှတ်ပုံတင်ပြရတယ်လို့ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်ဆုံမှာ စစ်ကောင်စီတပ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကတည်းက ဂိတ်ပြန်ထိုင်နေတာဖြစ်ပြီး ယခင်က အမြဲတမ်းဂိတ်ထိုင် စစ်ဆေးတာမျိုး မရှိပေမယ့် ဒီနောက်ပိုင်းမှာတော့ အင်အားသုံးပြီး အမြဲတမ်း ဂိတ်ထိုင် စစ်ဆေးနေတယ်လို့ သိရပါတယ်။

စကစ (စစ်ကောင်စီစစ်သား)တွေက ဒီနောက်ပိုင်းမြို့ပြင်တော့လုံးဝကို မထွက်လာတော့တာ အဲ့ဒီမြို့ထဲမှာပဲ ပတ်သွားနေတာ သူတို့ ဂိတ်တွေမှာ အမြဲထိုင်တယ် ပြီးတော့မြို့ထဲသွားသွားလာလာလုပ်တယ် အင်အား သုံး၊လေး၊ငါးဆယ် အမြဲတမ်းရှိတယ် ဂိတ်မှာကလို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ရွှေကူမြို့အဝင်အထွက်နေရာတွေမှာ ဂိတ်ထိုင်ပြီး လုံခြုံရေးတင်းကြပ်လာတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်ပိုင်းကတည်းက ဖြစ်ပြီး ဂိတ်ကိုဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကိုစစ်ဆေးမေးမြန်းတာ၊ မှတ်ပုံတင်စစ်တာ၊ ကုန်ကား၊ ခရီးသည်ကားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။

အခုလိုမြို့အဝင်အထွက်နေရာမှာ အမြဲတမ်းဂိတ်ထိုင်စစ်ဆေးနေတာကြောင့် ဒေသခံတွေ သွားလာလှုပ်ရှားဖို့ ခက်ခဲလာသလို ညဘက်ဂိတ်ပိတ်တာတွေကြောင့်လည်း မြိုခံတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ရွှေကူမြို့ဟာ ဗန်းမော်ခရိုင်ထဲမှာ ပါဝင်တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်တွေ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်လိုက်တဲ့နောက်ပိုင်းကနေ ရွှေကူမြို့အဝင်အထွက်တွေကို အခုလိုတင်းကြပ်လာတာလို့ သိရသိပါတယ်။

ဗန်းမော်ခရိုင်ထဲက မြို့၊ရွာတွေနဲ့ ရှေ့တန်းစခန်းအားလုံးနီးပါးကို KIA မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး လက်ရှိမှာတော့ လက်ရှိထိုးစစ်ဆင်နေဆဲ ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ ရွှေကူမြို့ နှစ်မြို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button