ဗန်းမောက်မြို့နယ်ထဲက စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်က ပြန်သိမ်းပိုက်

စစ်ကိုင်း–ကချင်အစပ်၊ ဗန်းမောက်မြို့နယ်၊ ၅၇၁ ပွိုင့်အမည်ရှိတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်နှစ်ကျော် အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ် ဘက်ကပြောပါတယ်။
ဒီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂ နှစ်ကျော်လောက်အထိုင်ချတပ်စွဲထားတာဖြစ်ပြီး မံလူကျေးရွာ နဲ့ ပင်းခါး ကျေးရွာအနီးတည်ရှိတဲ့ စစ်ရေးအရအရေးပါတဲ့ စခန်းကုန်းတစ်ခုလို့ ပြောပါတယ်။
“တောင်ကုန်းပေါ်က ကာကင်းစခန်း ၂ ခုဟုတ်တယ်။ ဒါပေမဲ့သူကအရေးပါတယ်။ စစ်ရေးနယ်မြေအရအရေးပါတယ်။တိုက်ပွဲကပြင်းထန်တယ်။ သူတို့ဘက်က ဒရုန်းရော လက်နက်ကြီးရော လေကြောင်းပစ်ကူပါပေးတယ်။ ထိခိုက်ကျဆုံး ဒဏ်ရာရတာလည်း များတယ်။“ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲအကြောင်းကို ပြောပြပါတယ်။
စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ KIA၊PDF ကာကင်းကုန်းကို SNA ကထိန်းချုပ်လိုက်တယ်ဆိုပြီး ဗီဒီယိုနဲ့ တကွသတင်းထုတ်ပြန်ထားပါတယ်။
ဒီဗီဒီယိုထဲက စခန်းကုန်းနေရာဟာလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ စခန်းကုန်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကအတည်ပြုပါတယ်။
အဆိုပါ ဗီဒီယိုထဲမှာတော့ “ဒါကတော့ PDF တွေစခန်းပေါ့ ၅၇၁ နဲ့ မီတာ ၂၀၀ ကျော်လောက်ရှိတယ်။ ကုန်းကောင်းတယ်။ လမ်းဖောက်ရမယ်။ SNA စိုးမိုးထားတဲ့နေရာပေါ့ကွာ” လို့ ဗီဒီယိုရိုက်ကူးနေသူက ပြောဆိုနေတာကို ကြားရပါတယ်။
ဒါ့အပြင် အဲ့ဒီဗီဒီယိုထဲမှာ သေနတ်ကိုယ်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသား ၁၀ ဦး ထက်မနည်းကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ကြောင်လည်၊ ပင်းခါးစတဲ့ ကျေးရွာတွေတစ်ဝှိုက်မှာ နှစ်ဖက်တပ်တွေ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက် အပါအဝင် ကချင်ပြည်နယ်ထဲ က မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့တွင်စစ်ရေးလှုပ်ရှားကြတယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းက မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရှမ်းနီ၊ ကဒူး၊ ကနန်း စတဲ့တိုင်းရင်း သား အများစုနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။
By – အမိုး