တိုက်ပွဲသတင်း

ဗန်းမော် အမတ ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုကို KIA သိမ်းပိုက်ပြီး စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲ

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်း နှစ်ခုကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် စကခ ၂၁ မှာ နှစ်ဖက်တပ်က တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သိမ်းပိုက်ရရှိပြီလို့ ပြောနေတဲ့ အမတ ၃၆၆ ကို တဝက်လောက်ပြန် လက်လွတ်လိုက်ရတာ ဟုတ်တယ်။ ဒီရက်ပိုင်းမှာ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း တဝက်စီနေနေရတဲ့ အမတ ၃၆၆ ကိုလည်း အပြီးသတ်ပြန်သိမ်းပိုက်ပြီ။ နောက် စကခ ၂၁ နဲ့ ကပ်ယက်ရှိတဲ့ ခလရ ၂၃၆ တပ်ရင်းကိုလည်း မနေ့ည ၇ နာရီလောက်မှာ အကုန်အပြီးအစီး သိမ်းပိုက်ပြီ လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး ဆီကနေ သိရပါတယ်။

ဗန်းမော်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းကို KIA က ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းမှ တပ်ချပ်ကာတပ်၊ လေယာဉ်ကွင်းတပ်ရင်းတွေနဲ့ အတူ သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ဒရုန်နဲ့တန်ပြန်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ်ရင်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနေ့က တစ်ရက်တည်း အမြောက်တပ် ၃၆၆ နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုစလုံးကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုအပြီးမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် အရေးပါတဲ့ စကခ ၂၁ တပ်ရင်းကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့သိရပါတယ်။

အခုက စကခ ၂၁ ထဲကို ပြန်တိုက်နေတယ်။ မနေ့ည ၇ နာရီ၊ ၈ နာရီဝန်းကျင်အထိ လိပ်ပြာကုန်းဆိုတဲ့ နေရာမှာလည်းဖြစ်နေတယ်။ KIA ဘက်ကနေ စကခ ၂၁ ထဲကို လက်နက်ကြီးတွေ ပစ်ထည့်ပေးနေတယ်” လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အမတ ၃၆၆ နဲ့ ခလရ ၂၃၆ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုများပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားအများအပြားက စကခ ၂၁ တပ်ရင်းထဲမှာ ရှိနေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်စစ်တပ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းအထိ စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးတော့ တိုက်ပွဲအခြေအနေ သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အမတ ၃၆၆ နဲ့ ခလရ ၂၃၆ တပ်ရင်း နှစ်ခုစလုံးသိမ်းပိုက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောဆိုပါတယ်။

အမတ ၃၆၆ က ပြီးခဲ့တဲ့ တလောမှာတင် သိမ်းပိုက်ထားမှန်ပါတယ်။ ဒါပေမယ့် တပ်စခန်းကိုပဲ သိမ်းနိုင်တာ တပ်ဧရိယာ အကုန်လုံး သိမ်းနိုင်တာတော့ မဟုတ်ဘူး။ ပြီးရင် ၃၆၆ တပ်နေရာမှာက မံစီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီ တပ်သားတွေ အများအပြာရှိနေတဲ့ နေရာယူထားတဲ့ နေရာဖြစ်တယ်။ ခလရ ၂၃၆ တပ်ရင်းကိုလည်း သိမ်းနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အတိအကျတော့ ကျနော်တို့ဘက်က မသိရသေးဘူး” လို့ ပြောပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ အမြောက်တပ် ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်း နှစ်ခုက လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ စကခ ၂၁ တပ်ရင်းတစ်ခုလုံးကို အဓိက လုံခြုံရေးယူထားပေးတဲ့ အရေးပါတဲ့ တပ်ရင်းနှစ်ခုဖြစ်ပါတယ်။

စစ်ရေးဗျူဟာအရ အဲဒီတပ်ရင်း နှစ်ခုစလုံးကို KIA ပူးပေါင်းတပ်တွေ အပြီးသတ်ထိန်းချုပ်လိုက်နိုင်ရင် အခိုင်အမာရှိနေတဲ့ စကခ ၂၁ တပ်ရင်းကို သိမ်းပိုက်ရရှိဖို့ လွယ်ကူသွားမှာလည်းဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေ ပြောဆိုထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button