အိန္ဒိယ အရိုနာချာပရာဒေ့ရှ် မှာ Shapawng Yawng မနောင်ပွဲတော် ပြုလုပ်

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အရိုနာချာပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ် ၊ နမ်ဆိုင်း (Namsai) ခရိုင်၊ နမ်ဂို (Namgo) ကျေးရွာမှာ India Singpho (ကချင်) လူထု ဦးဆောင်ပြီး Shapawng Yawng Manau Poi (ရှပေါင်ယောင်မနောင်ပွဲကြီး) ကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ ကချင် မနောင်ပွဲကြီးကို ကျင်းပခဲ့ပြီး ပွဲ၏ ရည်ရွယ်ချက်ကို ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Singpho Development Society (India) အတွင်းရေးမှူး ဦး Ongyun Maio က အခုလို ပြောပါတယ်။
“ဒီမနောပွဲ ပြုလုပ်ရခြင်းကြောင့် အိန္ဒိယမှာရှိတဲ့ ကချင်လူထုတွေကို ဒီနေ့ ကမ္ဘာက သိလာတယ်။ အဲဒီလို ကမ္ဘာတစ်ဝှမ်းက မကဘဲ အိန္ဒိယနိုင်ငံထဲမှာ ရှိတဲ့လူတွေလည်း ကျနော်တို့ ကချင်ဆိုတဲ့ လူမျိုးတွေက အိန္ဒိယနိုင်ငံထဲမှာ ပါဝင်တဲ့ လူမျိုးစုတစ်စုဖြစ်ကြောင်းအိန္ဒိယတစ်ခုလုံးလည်း သိတယ်။ ကမ္ဘာတစ်ဝှမ်းလည်း ဒီနေ့ သိရှိလာပြီ။ ဒီရိုးရာမနောပွဲဟာ ကျနော်တို့အတွက် အရမ်းအရေးကြီး ပါတယ်။ ဒီပွဲကြောင့်ပဲ လူတွေ ကျနော်တို့ ကချင်တွေကို အားလုံး သိရှိလာတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတစ်ဝှမ်းက ကချင်လူမျိုးကို သိရှိလာစေဖို့၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာနဲ့ စာပေ စကားတွေကို မမေ့ဖို့၊ ရိုးရာ စာပေယဉ်ကျေးမှုကို မြှင့်တင်နိုင်ဖို့၊ ကချင်တေးသံစဉ် တီးခတ်မှုတွေကို မမေ့ဖို့ ရည်ရွယ်ပြီး နှစ်တိုင်း မနောင် ပွဲတော်ကိုကျင်းပရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမနောင်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ကချင်ပြည်၊ တရုတ်ပြည်၊ ထိုင်း၊ မလေးရှား၊ အမေရိကနဲ့ ဂျပန်– စတဲ့ နိုင်ငံအသီးသီးက ကချင်လူထုတွေ လာရောက်ပါဝင် ဆင်နွှဲကြပါတယ်။
အိန္ဒိယနိုင်ငံထဲက အိန္ဒိယလူမျိုးတွေအပါအဝင် လာရောက်ပါဝင်သူ လူဦးရေ ၆၀,၀၀၀ (ခြောက်သောင်း) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်အတွင်းက တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ သွေးချင်းတွေကိုလည်း အမြဲအောက်မေ့သလို တိုင်းပြည်ချင်း ခြားနေပေမဲ့ အန္ဒိယနိုင်ငံမှာရှိတဲ့ ကချင်မျိုးနွယ်စုတွေဟာလည်း အချင်းချင်းဖေးမနိုင်ဖို့ စိတ်ဆန္ဒအမြဲရှိတယ်လို့ ပြောဆိုပါတယ်။
“ကျနော်တို့ မိခင်ကချင်ပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ကျနော်တို့ အမြဲတမ်း အောက်မေ့သတိရပါတယ်။ အချင်းချင်း တိုင်းပြည်ခြားနေပေမဲ့လည်း ကျနော်တို့ အိန္ဒိယမှာ နေနေပေမဲ့ အမြဲတမ်း ရင်ထဲထားထားတယ်။ ကျနော်တို့စိတ်ထဲမှာ အမြဲတမ်း ကူညီချင်တယ်။ သင်တို့နာကျင်ရတာလည်း ကျနော်တို့ နာကျင်ရတာနဲ့အတူတူပဲ။ အမြဲတမ်း အမိမြေက ကိုယ့်ကချင်မျိုးနွယ်စု တွေကို ယုံကြည်တယ်၊ အားကိုးတယ်။ အမြဲတမ်း အားပေးနေပါတယ်။ အဲဒီလောက် နိုင်ငံရေးအခြေအနေ မကောင်းနေတဲ့ ကြားက ဖြစ်ပေမဲ့ အမိမြေမှာရှိတဲ့ ကိုယ့် ကချင်တွေ ဒီပွဲကို ရောက်ရှိနိုင်အောင် လာတာကိုလည်း အရမ်းကို ဝမ်းသာပီတိ ဖြစ်ပါတယ်။ အမြဲတမ်း ချိတ်ဆက်ပြီး အချင်းချင်း ကူညီဖေးမကြရအောင်လို့ ပြောချင်ပါတယ်”လို့ Ongyun Maio က ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံဖွား ကချင်မျိုးနွယ်စုတွေဟာ ရှပေါင်ယောင်မနောပွဲကြီးကို ၁၉၈၄ ခုနှစ်က စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြရာ ဒီနှစ်ကတော့ ၄၁ ကြိမ်မြောက် မနောပွဲဖြစ်ပါတယ်။
ဒီမနောင်ပွဲမှာ အိန္ဒိယနိုင်ငံက အစိုးရအရာရှိလူကြီးတွေလည်း လာရောက်ပါဝင်ဆင်နွှဲကြတယ်လို့ သိရပါတယ်။
အခုလို ကချင်ရိုးရာဓလေ့ထုံးတမ်းအရ မနောင်ပွဲကြီးကို အန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံ ယိန်ကျန်း (𝒀𝒊𝒏𝒋𝒊𝒂𝒏𝒈)၊ ထိန်ချုံးနယ်တွေမှာရှိတဲ့ တရုတ်နိုင်ငံဖွား ကချင်မျိုးနွယ်စုတွေလည်း မနောင်ပွဲကြီးကို နှစ်စဉ် စည်စည်ကားကား ကျင့်ပလျက်ရှိကြပါတယ်။
By – ဂျာဘောက်ရာ