စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှာ ကလေးအပါအဝင် အရပ်သားသေဆုံး ထိခိုက်မှု များပြား

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာ စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေ ကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ စစ်ကောင်စီ စစ်လေယာဉ်က ဒေါဖုန်းယန်မြို့၊ ဝက်ယင်းရွာနဲ့ နန့်အီ ရွာမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝက်ယင်းကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆော ၊ အသက် ၂၅ နှစ်အရွယ် ဦးဆိုင်းလျန်း ၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ချယ်ရီထွေး ၊ အသက် ၃ နှစ်အရွယ် မကာလိယ ၊ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီဆား နှင့် အသက် ၉ နှစ်အရွယ် မောင်းအောင်လင်းထက် တို့ မိသားစုဝင် ၇ ဦးလုံး သေဆုံးခဲ့ရပြီး နန့်အီ ရှမ်းရွာမှာကတော့ ထိခိုက် ဒဏ်ရာရရှိသူ ၅ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
“ဘာကြောင့်အဲလို ဗုံးလာကြဲတာလဲတော့ မသိဘူး။ အဲဒီမှာက စစ်ရေးနဲ့ ပတ်သက်တာတွေ မရှိဘူး ပြည်သူတွေဘဲ နေတဲ့နေရာ ဟုတ်တယ်။ တပ်စွဲထားတာတွေလည်းမရှိဘူး ကျွန်တော်မှတ်မှတ်ရရ ကြည့်လိုက်မိတဲ့အချိန်ကတော့ ဗုံးလာချတာက ၁ နာရီ ၄၉ မိနစ်လောက် ရှိနေပြီ” လို့ ဒေါ့ဖုန်းယန် ဒေသခံက KNG ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အပေါ် Kachin Human Rights Watch-KHRW က ပြင်းပြင်း ထန်ထန် ရှုံချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီအပေါ်မှာ Kachin Human Rights Watch-KHRW ပြောရေးဆိုခွင့်ရှိသူ ကို Jacob က “ဒေါ့ဖုန်းယန် ကျေးရွာအုပ်စုမှာ စစ်ကောင်စီက နေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သား၇ဦး သေဆုံးသွားတဲ့ အပေါ် ကျွန်တော်တို့ အဖွဲ့ကနေပြီးတော့ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ခုလိုလုပ်တာကို နိုင်ငံရေး အဖြေထွက်လာစေမှာ မဟုတ်ဘဲ ပြည်သူလူထုကို ညှင်းပန်း နှိပ်စက်နေတာ ဖြစ်တယ်လို့ မြင်မိပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် မိုးမောက်မြို့နယ် ကုန်းလောရွာ KBC ခရစ်ယာန်ဘုရားကျောင်း ရှိ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ပစ်ခတ်သွားတာကြောင့် ကလေးသူငယ်အပါအဝင် ၉ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ဦး ထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင် ၂၉ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်တဲ့ ကလေး ၁၁ ဦး ပါဝင်ခဲ့ပါတယ်။
အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့် အနန့်ပါကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၈၀ ကျော် သေဆုံးခဲ့ပါတယ်။
အာဏာသိမ်း ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ သေဆုံးသူ စုစုပေါင်း ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာတော့ သေဆုံးသူ ၅၆၀ ဦးရှိခဲ့ပြီး အဲဒီအထဲ ၂၀၂၄ ခုနှစ်မှာတော့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ Myanmar Peace Monitor MPM စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
By – Hope