အမေရိကန် မူဝါဒအပြောင်းအလဲကြား မလေးရှားရောက် ကချင်ဒုက္ခသည်များ အခြေအနေ မေးမြန်းချက်

မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားအများအပြားရှိပြီး သူတို့ထဲမှာ တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေရှိသလို တရားမဝင် ပုံစုံမျိုးနဲ့ နေထိုင်ပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။
UNHCR ဖော်ပြချက်အရ ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းအထိ မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် နဲ့ နိုင်ငံရေးခိုလှုံနေသူ ၁၇၀,၉၂၀ ဦးထိ ရှိပြီး သူတို့ထဲမှာ ရိုဟင်ဂျာ ၁၁၁,၉၈၀ ဦး၊ ချင်းလူမျိုး ၂၇,၇၉၀ ဦး နဲ့ ကျန်တဲ့ ၃၁,၁၄၀ ဦး ကတော့ စစ်မက်ဖြစ်ပွားရာ ဒေသတွေကနေ ပြောင်းရွေ့ ခိုလှုံလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
Kachin Refugee Committee အဖွဲ့ ပြောကြားချက်အရ ကချင်လူမျိုး ၈ ထောင်ကျော်ရှိတယ်လို့သိရပြီး မြေပြင် အခြေအနေ မှာတော့ ဒီထက် မကများနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ဒုက္ခသည်ပေါင်း ၁၂၅,၀၀၀ ကို ဝင်ခွင့်ပြုခဲ့တယ်လို့ Refugee Council USA ဖော်ပြထားပေမယ့် အခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ဒေါ်နယ်ထရန့် အမေရိကန်သမ္မတဖြစ်လာပြီးနောက် အစီစဉ်တွေ ရပ်တန့်ခဲ့ပါတယ်။
နောက်ဆက်တွဲအနေဖြင့် အမေရိကန်ကို သွားဖို့ မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရလဲ၊ သူတို့ အနာဂတ်တွေ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး မလေးရှား Mungdan Ngangkang Komiti အဖွဲ့ တာဝန်ခံ ဆရာ တူးတူးခေါင် (Tu Tu Hkawng) ကို မေးမြန်းထားပါတယ်။
မေး။ ပထမဆုံးအနေနဲ့ အမေရိကန် ဒေါ်နယ်ထရန့် သမ္မတပြန်ဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံရဲ့ ပြည်ပနိုင်ငံတွေအပေါ် ထားတဲ့မူတွေ ပြောင်းလဲသွားသလို ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အစီအစဉ်တွေကိုလည်း ရပ်တန့်လိုက်တယ်လို့ ကြားသိရပါတယ်။ ဆိုတော့ ဒီလို အခြေအနေတွေကြောင့် မလေးရှားမှာ ရှိနေတဲ့ ကချင်ဒုက္ခသည်တွေအခြေအနေ ဘယ်လိုတွေ ဖြစ်နေပြီလဲ။
ဖြေ။ အခုအခြေအနေက အမိမြေကနေ ဒုက္ခရောက်ပြီး ရောက်လာကြတဲ့သူတွေအတွက် ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း သေချာမသိရဘူး။ တချို့ဆိုရင် စိတ်ဓာတ်ကျသွားတာမျိုးတွေ ကိုတွေ့ရတယ်။ သမ္မတဂျိုးဘန်ဒန်လက်ထက်မှာတော့ လမ်းတွေဖွင့်ပေးတယ်။ အကုန်လုံးကလည်း သွားဖို့ ပြင်ဆင်နေကြတာပေါ့။ ဒါပေမယ့်လည်း အခုလို ရုတ်တရက် ပြန်ပိတ်လိုက်တော့ များသောအားဖြင့် ၁၀ နှစ်ကျော်ကြာ စောင့်နေရတဲ့သူတွေအတွက်တော့ အရမ်းကို ခက်ခဲတဲ့အခြေအနေတွေ ဖြစ်သွားတာပေါ့။ အမေရိကန်တိုင်းပြည်က ကမ္ဘာမှာ ဒုက္ခသည် အများဆုံးခေါ်တဲ့ တိုင်းပြည်ဆိုတော့ အရင်တုန်းက ပထမဆုံးအကြိမ် ခေါ်ခဲ့တုန်းကလည်း ၁၀ နှစ်ကျော်ကြာ ကြာခဲ့တယ်။ ခုလိုလမ်းတွေပြန်ဖွင့်လာတဲ့ အချိန်မျိုးမှာ ရုတ်တရက်ပြန်ပိတ်သွားတော့ လူတစ်ယောက်အတွက် အရမ်းကို ထိခိုက်နစ်နာသွားတာမျိုးတွေကို တွေ့ရပါတယ်။
မေး။ ဒေါ်နယ်ထရန့်လက်ထက် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍ ဘယ်လို ဖြစ်လာနိုင်မယ်လို့ မြင်မိလဲဗျ။
ဖြေ။ သူ့တိုင်းပြည်အတွက် ကောင်းပေမယ့်လို့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ လူသားချင်းစာနာမှုတွေ ၊ လူသားမျိုးနွယ်တွေရဲ့ ဖွံ့ဖြိုးတိုက်တက်မှုနဲ့ တရားမျှတမှုလို အရာတွေကို ဦးဆောင်တဲ့ နေရာတွေမှာ နောက်ကို ပြန်ဆုတ်သွားတယ်လို့ မြင်တယ်။ တရုတ်နဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ကျွန်တော်တို့လို နိုင်ငံတွေဆိုရင် အမေရိကန်နိုင်ငံနေပြီးတော့ ကမ္ဘာကို ဦးဆောင်တဲ့ နေရာမှာ နောက်ဆုတ်သွားရင် တရုတ်ရဲ့ အင်အားကြီးလာပြီး ကျွန်တော်တို့ဆီမှာ ကွန်မြူနစ် စနစ်လွှမ်းမိုးလာမှာမျိုးတွေက စိုးရိမ်စရာတွေ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရှေ့ရေးအတွက် အရမ်းခက်ခဲလာတယ်။ အခု HIV ပိုးထိပြီး ဆေးစားနေတဲ့သူတွေအတွက် ချက်ချင်းထိခိုက် နစ်နာမှုတွေ ရှိလာတာကို တွေ့ရတယ်။ ပြီးတော့ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေအတွက်လည်း ပညာသင်ဆု ရပ်တန့်လိုက်တာ ဖြစ်တဲ့အတွက် ပြန်လာရမလို မပြန်ဘဲ နေနေရမလိုနဲ့ အဆင်မပြေဖြစ်နေကြတယ်။ ဒါကြောင့် သူတိုင်းပြည်အတွက် ကောင်းပေမယ့် အဖွံ့ဖြိုးသေးတဲ့ ချို့တဲ့တဲ့ တိုင်းပြည်တွေ အတွက်တော့ အရမ်းထိခိုက်နစ်နာ သွားတာကို တွေ့ရပါတယ်။ ဒါအပြင် တချို့ ပေါ်လဆီတွေဆိုရင် သူတို့လိုဘီလီယံနာ ချမ်းသာတဲ့ သူတွေကိုသာ နေရာပေးပြီး လုပ်ဆောင်တာကို တွေ့ရတယ်။ ဒါကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာကို ပြောဖို့တော့ စောသေးတယ်။ မတူညီတဲ့ လူမျိုးတွေကို ပိုပြီးစုရုံးနိုင်ဖို့ အတွက်ကတော့ လူသားချင်းစာနာထောက်ထားမှုက ပို အရေးကြီးတယ်လို့ မြင်မိပါတယ်။
မေး။ မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်တွေ ကလေး၊ လူငယ်၊ သက်ကြီးရွယ်အိုတွေ အတွက် ပညာရေး၊ စီးပွားရေး စတဲ့ အနာဂတ်အခွင့်အလမ်းတွေ ဘယ်လို ထိခိုက်ရှုံးဆုံးမှုတွေ ဖြစ်စေလဲ။
ဖြေ။ အခုမလေးရှားမှာ အမိမြေကနေ တကယ်ကို ဒုက္ခရောက်ပြီး အခုမှ ပြောင်းရွှေ့လာကြတဲ့သူတွေ အရမ်းကို ခက်ခဲနေတာ တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မလေးရှားအစိုးရကနေပြီးတော့လည်း ဖမ်းဆီးစစ်ဆေးမှုတွေ အရမ်းလုပ်နေတယ်။ ဒီနိုင်ငံမှာက UN ကာကွယ်ပေးဖို့အတွက် အနည်းဆုံး ၃ နှစ်လောက်တော့ ကြာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အခြေအနေပေါ် မူတည်ပြီး ကာကွယ်စောင့်ရှောက်ပေးတဲ့ ပုံစံလည်း မတူဘူး။ ပြီးတော့ ကချင်တွေဖမ်းခံရ တာလည်း ၁၀၀ ဝန်းကျင် ရှိလာပြီ မြန်မာနိုင်ငံပြန် ပြန်ဖို့အတွက်လည်း အကြမ်းဖက် စစ်ကောင်စီက ပေါ်တာဆွဲနေတာကို တွေ့ရတယ်။ အသက်ကြီးပြီး ရောက်လာတဲ့ သူတွေ အတွက်ကတော့ ပိုပြီးခက်တာပေါ့ ကျောင်းလာတက်ဖို့ အတွက်တော့။ ဘာလို့လဲ ဆိုတော့ ဒီမှာနေရင်က အိမ်လခတွေ ပေးရတယ်။ ဒါကြောင့် အလုပ်ဘက်ကိုဘဲ ပိုရောက်သွားကြတာပေါ့။ သက်ကြီးရွယ်အိုတွေအတွက် လည်း တော်တော်ခက်သွားတာကို တွေ့ရတယ်။ အဲဒီထဲမှာမှ ကျန်းမာရေးမကောင်းတဲ့ သူတွေပေါ့။ ဥပမာ ကျောက်ကပ်ဆေးနေ ရတဲ့သူတွေ ဆိုရင် ကျပ်ငွေ ၁၀ သိန်း လောက်ပေးရတယ်။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံကိုသွားဖို့က က အဲလို လူမျိုးတွေကို ဦးစားပေးတာပေါ့ ။ ဒါပေမယ့်လည်း ခုလိုခေါ်မယ့် အစီအစဉ်တွေကို ရပ်တန့် လိုက်တော့ သူတို့အတွက်လည်း တော်တော် ခက်ခဲသွားတယ်။
မေး။ အရင်တုန်းကလည်း အမေရိကန်နိုင်ငံသွားနိုင်ဖို့ အချိန်အကြာကြီး ပိတ်ခဲ့တဲ့ ကာလတွေလည်းရှိခဲ့ဖူးတယ်ဆိုတော့ အဲဒီတုန်းက အခြေအနေတွေနဲ့ အခုရဲ့ အခြေအနေတွေက ဘာတွေ ကွာခြားလဲဗျ။
ဖြေ။ လက်ရှိ တွေ့ရတာကတော့ အကုန်လုံးကသွားဖို့ ပြင်ဆင်နေရင်း တန်းလန်းနဲ့ သွားဖို့ကို ပိတ်ပင်ခံလိုက်ရတော့ စိတ်ဓာတ် ကျနေတာကို တွေ့ရတယ်။ ပြုံးတောင် မပြုံးနိုင်ကြတော့ဘူး၊ အရင်တုန်းကလိုတော့ အားလုံးပိတ်ပင်လိုက်တာတော့ မဟုတ်ဘူး သွားလို့တော့ ရနေသေးတယ်။ ဒါပေမယ့် မိသားစုတွေကို ခေါ်လို့ မရဘူး ဖြစ်သွားတာပေါ့။ အရင်တုန်းကဆို မိသားစုဝင် တစ်ယောက်ယောက် အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် အရင်ရောက်နေပြီးတော့ မိသားစုတွေကို ပြန်ခေါ်ကြတယ်။ ဒါပေမယ့် အခုတော့ အဲလို မရတော့ဘူးပေါ့။ တခြား ဥရောပ နိုင်ငံတွေကနေပြီးတော့လည်း ခေါ်တော့ ခေါ်ကြပေမယ့် အမေရိကန် နိုင်ငံလောက်က မများဘူး။ ဘာဘဲပြောပြော ဒေါ်နယ်ထရန့်က လေးနှစ်ဘဲ ဆိုတော့ အဲဒီနောက်လည်း တစ်မျိုး ပြန်ပြောင်း သွားနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ လုပ်စရာရှိတာကို လုပ်စေချင်တယ်။
မေး။ ခုလို မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့အချိန် ဘယ်လို ဆင်ခြင်ပြီး နေထိုင်ကြလဲ။
ဖြေ။ ကိုယ်က သူများနိုင်ငံမှာနေလို့ရှိရင် ပတ်ဝန်းကျင်မှာ ကိုယ်ကြောင့် သူများ အကျိုးရှိအောင် နေတတ်ရမယ်။ များသော အားဖြင့် သူတို့နိုင်ငံသားတွေက နေ့အလုပ်လုပ်ပြီး ညအိပ်တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံသားတွေက ညအလုပ်လုပ်ကြတော့ ဘေးပတ်ဝန်းကျင် အိမ်တွေက အရမ်းနီးတော့ ညပြန်ရောက်လာပြီး ဆူညံတာတွေ လုပ်တာမျိုးကို ရှောင်ရမှာပေါ့ ကိုယ့်လွတ်လပ်ခွင့်ဆိုပေမယ့် သူများရဲ့ လွတ်လပ်ခွင့်ကို မထိပါးအောင် ဆင်ခြင်နေထိုင်ရမယ်။ ပြီးတော့ သောက်စားမူးယစ်ပြီး ရမ်းကားတာမျိုးတွေ မလုပ်ရင် ကောင်းပါတယ်။ တချို့သောက်စားမူးယစ်တဲ့ ဖမ်းဆီးစစ်ဆေးရင်း နဲ့ နေရင်းထိုင်ရင် ကောင်းကောင်းမွန်မွန်နေနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ဖမ်းမိပြီး အိမ်ပြန်ပို့ခံရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သူများနိုင်ငံမှာနေရင် နှိမ့်ချပြီး ကြိးစားရပါမယ်။
မေး။ နောက်ဆုံးအနေနဲ့ ဖြည့်စွက် ပြောချင်တာလေးများ ရှိရင်ပြောပေးပါအုံး။
ဖြေ။ ဒီနိုင်ငံကို ရောက်ရှိလာတဲ့သူတွေထဲမှာ လူငယ်တွေက ပိုများတာကို တွေ့ရပါတယ်။ များသောအားဖြင့် နိုင်ငံရေး မကောင်းတဲ့အတွက် အခွင့်အလမ်းရှားပါးပြီး ရောက်လာကြသူတွေ ဖြစ်ပါတယ်။ တချို့ နိုင်ငံခြားရောက်သွားတဲ့ လူငယ်တွေကို လည်း အပြစ် မတင်စေချင်ဘူး။ အကုန်လုံးက ရွေးချယ်စရာတွေ ရှားပါးနေတဲ့အတွက်ဖြစ်တယ်။ ပြီးတော့ စစ်ဘေးဒဏ်တွေ ကြောင့် အလုပ်အကိုင်ရှားပါးပြီး အစားအသောက် အကူအညီလိုတဲ့အခါမျိုးတွေမှာ နိုင်ငံခြားက လူငယ်တွေက အလုပ်လုပ်ပြီး အားလုံး ဝိုင်းဝန်းပြီး ပြန်လည် ထောက်ပံ့ကြတယ်။ ဒါလည်း အမျိုးသားရေး လုပ်တာဘဲလို့မြင်တယ်။ လူငယ်တွေကို အားပေးချင်တာက ကိုယ်ကလက်နက်ကိုင်ပြီး တော်လှန်ရေးမှာ ပါဝင်မယ်ဆိုလည်း ရတယ်။ ဒါမှ မဟုတ် နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ရတဲ့ လုပ်ခထဲက ကူညီတာမျိုးဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့ ဘက်ကနေ ပါဝင်ကူညီလို့ ရတယ်ဆိုတာပါဘဲ ။ နောက်တစ်ချိန်မှာလည်း ကိုယ်ဒေသကို ပြန်သွားပြီး လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ ပါဝင်ကူညီဖို့အတွက်လည်း ပြင်ဆင်ထားရပါမယ်။
By – Hope