မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ
ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည် ၁ နာရီလောက်က မန်မောက်ရွာမှာ ရှိနေတဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNLA တပ်အင်အား ၃၀၀ ခန့်က မန်တုံဘက် ကနေ ရောက်လာပြီး ဝင်ရောက်ရိုက်နှက်ခဲ့တာလို့ မိုးမိတ်ဒေသ KIO အရာရှိတစ်ဦးက KNG သတင်းဌာနကို အခုလို ပြောပါတယ်။
“ကောင်းကောင်း ညှိနှိုင်းရအောင်လို့ ပြောနေလဲ TNLA ဘက်က ခြေပါ၊ လက်ပါ၊ သစ်တုံးတွေနဲ့ပါ အတကုန်ရိုက်နှက်လာတော့ အဲက KIA အရာရှိက ‘သတ်မယ်ဆိုလည်း ကျနော့်ကိုသတ်လိုက်ပါ ကျနော့်တပ်သားတွေကို မလုပ်ပါနဲ့တော့’ လို့ ပြောမှ ရပ်တာ။ TNLA က ထိုးကြိတ်၊ သစ်တုံးတွေနဲ့ အတကုန်ရိုက်နှက်လို့ KIA တပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာပြင်းထန်သွားလို့ သူတို့ကားပေါ် ပြန်တင်ပြီး မန်တုံဆေးရုံကို ခေါ်သွားတယ်။ အဲမှာဘယ်သူ့ကိုမှ မဝင်ခိုင်းဘူး ။ သူတို့အကုန် ပိတ်စောင့်လိုက်တယ်။ ဘယ်နဲ့မှ မတွေ့ခိုင်းဘူး။ ဒါကြောင့် ထိခိုက်သူတွေ ဘယ်လိုအခြေအနေရှိနေပြီလဲ သေချာ မသိရသေးဘူး။” လို့ မိုးမိတ်ဒေသ KIO အရာရှိတစ်ဦးက ပြောပါတယ်။
KIA တပ်မဟာ ၄ ၊ တပ်ရင်း ၃၄ နယ်မြေ မန်တုံမြို့ ကနေ ၅ မိုင်လောက်အကွာအဝေးမှာရှိတဲ့ မန်မောက် (Manmawk) ရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ အင်အား ၁၅၀ လောက်ရှိနေချိန် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ် TNLA ဘက်က အင်အား ၃၀၀ ခန့် နဲ့ ဝင်ရာက်လာပြီး ရိုက်နက်မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ရိုက်နက်မှု မဖြစ်ခင် အချင်းချင်းညှိနှိုင်းဖို့ ကြိုးစားပေမယ့် TNLA ဘက်က ချက်ချင်းရိုက်နက်လာတဲ့အတွက် အချင်းချင်း ရိုက်နှက်ထိုးကြိတ် ကြရင်း KIA တပ်သားတချို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တာလို့ သိရပါတယ်။
ထိခိုက် ဒဏ်ရာပြင်းထန်သွားတဲ့ KIA တပ်သား ၁၁ ဦးကို TNLA က မန်တုံဆေးရုံကို ခေါ်ဆောင်သွားပြီးနောက် KIO ဘက်က လိုက်ဖို့ ကြိုးစားပေမဲ့ TNLA က ခွင့်မပြုတဲ့အတွက် ညပိုင်းအထိ တွေ့ဆုံခွင့် မရသေးဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ပြောရေးဆိုခွင့်အဖွဲ့ကို ကချင်သတင်းဌာန KNG က ဆက်သွယ်ကြိုးစားနေပေမဲ့ မရရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ မန်တုံမြို့နဲ့ မိုးမိတ်မြို့ကြားရှိ မန်ဘွန်း(Manbun) KIO တိုက်နယ်ရုံးနဲ့ မန်ဘတ် ( Manbat) KIO တိုက်နယ်ရုံးတွေအပါအဝင် KIA တပ်စခန်း ၃ ခုထက် မနည်းကို တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က အင်အားနဲ့ ဝင်စီးခဲ့ပြီး KIA တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေကို ယာယီဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မန်တုံ နဲ့ မိုးမိတ်ကြားမှာ TNLA နဲ့ KIA တို့ကြား ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး KIO အရာရှိတွေဘက် ကတော့ TNLA နဲ့ တွေ့ဆုံနိုင်ဖို့ ပြေလည်အောင်လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပေမဲ့ TNLA ဖက်က အတွေ့မခံတဲ့အခြေအနေ ရှိနေတယ်လို့ KIO အရာရှိတွေက ပြောပါတယ်။
“ဒီနေ့ကိစ္စမှာလည်း ကျနော်တို့က တွေ့ရအောင်၊ ညှိနှိုင်းဖြေရှင်းရအောင်လို့ ပြောပေမဲ့ သူတို့က အတွေ့မခံတော့တဲ့အနေအထား ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ရှေ့အရင်ကတည်းကနေ အတူယှဉ်တွဲနေလာပြီး ခံစားချက်တူညီတဲ့ တော်လှန်ရေး ညီအစ်ကိုတွေပဲဖြစ်လို့ ဒီလိုပြဿနာတွေ ဖြစ်တာက မကောင်းဘူး၊ ကောင်းကောင်းတွေ့ပြီး ပြေလည်အောင် ညှိကြရအောင်လို့ ကြိုးစားပေမဲ့ သူတို့က လုံး၀ ဆွေးနွေးမခံဘူး။ ကျနော်တို့နဲ့ အတွေ့မခံတော့တဲ့ သဘောဖြစ်တယ်။” လို့ မိုးမိတ်ဒေသ KIO အရာရှိက ဆက်ပြောပါတယ်။
နမ်ဆန်– မန်တုံ – မုံးဝီး– နမ့်ခမ်း ကားလမ်းတစ်လျှောက်မှာ ယခင် TNLA တပ်ဖွဲ့ မရှိခင်ကတည်းက KIA က လှုပ်ရှားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ပန်ခါးလေး၊ ပန်ခါးကြီး လမ်းဆုံမှာ KIO မန်တုံ တိုက်နယ်ရုံးခွဲစိုက်ကာ ဂိတ်စခန်း တည်ရှိနေခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးအပြီးမှာတော့ မန်တုံ၊ နမ္မတူမြို့ကို ဝင်သိမ်းလိုက်တဲ့ TNLA က ၂၀၂၄ မတ်လကစပြီး မန်တုံမြို့အထွက်မှာရှိတဲ့ KIA ရဲ့ ပန်ခါးလေး၊ ပန်ခါးကြီးလမ်းဆုံ ဂိတ်စခန်းကို တပ်အင်အားနဲ့ ဖျက်ဆီးခဲ့သလို KIA/PDF တပ်ဖွဲ့ဝင်တွေကိုလည်း ဖယ်ရှားဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ ထပ်မံပြီး အဲဒီလမ်းဆုံ ဂိတ်ကို TNLA အင်အားနဲ့ ဝင်စီးခဲ့ပြီးတပ်စွဲလိုက်ပြီ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၇–၁၈ ရက်နေ့မှာတော့ ကိုးဒေါင် ကချင်ဆပ်စတိတ် (Kodawng Kachin Substate) ဒေသဖြစ်တဲ့ မန်တုံ – မုံးဝီး – နမ့်ခမ်း ကားလမ်းပေါ်ရှိ KIA ဂိတ်စခန်းတွေဟာ TNLA မရှိခင် ကတည်းက KIA ရှိနေတာဖြစ်လို့ မောင်းထုတ်ခြင်း မပြုဖို့၊ သိမ်းလိုက်တဲ့စခန်းတွေကို KIA ကိုပြန်ပေးဖို့ မန်ဖန်ရွာမှာ တပ်ဖွဲ့နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့ပဲ လက်ရှိချိန်ထိ TNLA တပ်ဖွဲ့က အဲဒီဒေသတစ်ကြောရှိ KIA တပ်စခန်းနဲ့ တိုက်နယ်ရုံးတွေကို အင်အားသုံး လိုက်လံဖယ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။
နမ္မတူ၊ မိုးမိတ်၊ မုံးဝီး၊ နမ်ခမ်း၊ မန်တုံ၊ နမ်ဆန်၊ ကျောက်မဲ စတဲ့မြို့နယ်တစ်လျှောက်မှာ ပလောင်ပြည်နယ်အဖြစ် PSLF/TNLA က သတ်မှတ်ပြီး အဲဒီဒေသမှာရှိနေတဲ့ KIO အုပ်ချုပ်ရေးရုံး နဲ့ KIA တပ်စခန်းတွေကို ဖယ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ



