သတင်း

လန်ဆယ်ဒေသမှာ ဒေသခံ နဲ့ ကုမ္ပဏီတွေအထိ ရွှေတူးဖော်ခွင့်ပြုဖို့ KIO စီစဉ်

ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသကို လိုအပ်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေ နဲ့ ပူးပေါင်းကာ ရွှေတူးဖော်သွားဖို့ အစီစဉ် ရှိသလို ဌာနေဒေသခံတွေနဲ့ ပြည်သူတွေကိုလည်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ က လန်ဆယ်ဒေသကို KIA က သိမ်းပိုက်ပြီးနောက် ရွှေမှော်ကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ လန်ဆယ်ဒေသကို ရွှေတူးဖို့ မြေကွက် သတ်မှတ်တာ၊ စည်းကမ်းချမှတ်တဲ့လုပ်ငန်းတွေ နဲ့ မူဝါဒ ရေးဆွဲမှု လုပ်ငန်းစဉ်တွေ မပြီးနိုင်သေးတာကြောင့် လက်ရှိမှာ ခွင့်မပြုသေးတာဖြစ်နိုင်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ပြောပါတယ်။

လန်ဆယ်ရွှေမှော်နဲ့ ပတ်သက်ပြီး ပိတ်ပင်လိုက်တာ၊ တူးဖော်ခွင့်မပြုတော့တာမျိုး မဟုတ်ဘူး။ တူးဖော်ခွင့်ပေးမယ်။ အဲမှာ နဂိုကတည်းကရှိတဲ့ ဒေသခံတွေနဲ့ အပြင်ကနေ ရောက်လာတဲ့သူတွေကိုလည်း ရွှေတူးဖော်ခွင့်ပြုမယ်။ ဒါပေမဲ့ ယန္တရားကြီးတွေနဲ့ တူးတာမျိုးတော့ မဟုတ်ဘူးပေါ့။ အရင်က တူးဖော်ကြသလိုမျိုးပဲ တူးဖော်ခွင့်ပေးမယ် အစီအစဉ်ရှိတယ်။ တစ်ခုရှိတာကတော့ ဒါတွေကို ခွဲဝေသတ်မှတ်နိုင်ဖို့၊ မြေကွက်နဲ့ ပတ်သက်တာတွေ ရေးဆွဲပြင်ဆင်ရအုံးမှာဖြစ်တာကြောင့် ဒါတွေမပြီးစီးနိုင်သေးလို့ ဖြစ်မယ်။ တစ်ခုရှိတာက KIO ဟာ လိုအပ်ချက်ပေါ်မူတည်ပြီး ကုမ္မဏီနဲ့ လက်တွဲပြီး လန်ဆယ်မှာ ရွှေတူးဖော်မှု ပြုလုပ်မယ်။ ဒါပေမဲ့ မြေပြင်မှာ လက်ရှိဘယ်လိုလုပ်ဆောင်နေပြီလဲဆိုတာ  ကျနော်တို့မသိရသေးဘူး။” လို့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာန ကိုပြောပါတယ်။

လန်ဆယ်ဒေသ ရွှေတူးဖော်နေတဲ့မြင်ကွင်း

လန်ဆယ်ဒေသရှိ ဌာနေလူထု နဲ့ ရွှေမှော်ကို ရောက်ရှိနေကြတဲ့ အခြားဒေသက ပြည်သူတွေကိုလည်း စက်ယန္တရားကြီးနဲ့ မဟုတ်ပဲ အရင်က တူးဖော်သလိုမျိုး ရွှေတူးဖော်ခွင့်ပြုမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အစိုးရဘက်က ပြင်ဆင်မှု မပြီးစီးနိုင် သေးတာကြောင့် တူးဖော်ခွင့်ကို ပိတ်ထားဆဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မြေကွက်ခွဲဝေ သတ်မှတ်မှု လုပ်ငန်းပိုင်းဆိုင်ရာကို သက်ဆိုင်ရာ ကော်မတီတွေက လုပ်ဆောင်နေတဲ့အတွက် အသေးစိတ်ကို မသိရသေးဘူးလို့  ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။ 

ချီဖွေမြို့ မြောက်ဘက် မိုင် ၁၀၀ ဝန်းကျင် အကွာအဝေးရှိ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာ မသိမ်းခင် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ် BGF လက်ထက်ကတည်းက မြန်မာတကောင်း ကုမ္မဏီ နဲ့ ဟုန်ပန်းကုမ္မဏီတွေ ဝင်ရောက်ရွှေတူးဖော် နေခဲ့တာလို့ ဒေသခံတွေဆီကနေ ဆိုကြပါတယ်။

ဒါ့အပြင် လန်ဆယ်ဒေသဟာ ဝေးလံခေါင်ဖျားပြီး စိုက်ပျိုးရေး မဖြစ်ထွန်းတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေကလည်း လက်လုပ်လက်စားနဲ့ ရွှေတူးဖော်မှု လုပ်ငန်းကိုသာ အဓိက မှီခိုကြရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် KPF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်ပါတယ်။

အဲဒီနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီ ၅ ရက်နေ့မှာ ရွှေမှော်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိ KIO/KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ဒေသ

လက်ရှိ KIO က လန်ဆယ်ရွှေမှော်ကို တရားဝင်ပိတ်ထားပေမဲ့ မြေပြင်မှာ သက်ဆိုင်ရာအရာရှိတွေက လုပ်ကွက်မြေဧက ထောင်ချီ ကို အဲဒီဒေသမှာရှိနေတဲ့ တရုတ် ကုမ္မဏီတွေကို လုပ်ပိုင်ခွင့် ချပေးလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဒီသတင်းနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘာမှ မသိရှိရတာကြောင့် သတင်းမှန်၊ မမှန် ပြောပြဖို့ အဆင်မပြေဘူးလို့ KNG ကို ပြောပါတယ်။ 

ကုမ္မဏီတို့ ဟုတ်မဟုတ် ကျနော်လည်းမသိဘူး၊ သူတို့ကို မြေကွက်ဘယ်လောက်ပေးလိုက်ပြီလဲ ကျနော်လည်းမသိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့သက်ဆိုင်ရာတွေက ဘယ်လောက်ပေးတယ်၊ ဘယ်လိုသတ်မှတ်ပေးပြီ ဆိုတဲ့အချက်တွေကို ကျနော်တို့ထံ ဘယ်သူမှ သတင်းပေးတာမျိုး မရှိတာကြောင့် ကျနော့အနေနဲ့ ကုမ္မဏီတွေကို မြေကွက်ပေးလိုက်တယ်ဆိုတဲ့ သတင်းက မှန်တယ်၊ မမှန်ဘူး၊ အဖြူ၊အမည်း အဖြေပေးဖို့ အဆင်မပြေနေဘူး။” လို့ ပြောဆိုပါတယ်။

ကုမ္မဏီအပါအဝင် ရွှေလုပ်သားအားလုံးကို ရွှေတူးဖော်ခွင့် မပေးပဲ မှော်ပိတ်ထားတာမှန်ပေမဲ့ မြေပြင်မှာတော့ တရုတ်ဘက်က လာရောက်လုပ်ငန်းလုပ်ကိုင်သူတချို့နဲ့ အဲဒီမှာရှိတဲ့ တာဝန်ရှိသူတစ်ချို့က ရွှေတူးဖော်မှုအနည်းအကျဉ်းရှိနေတာ တွေ့ရတယ်လို့ လန်ဆယ် ကနေ ဆင်းလာသူတွေထံ ကနေ သိရပါတယ်။

လန်ဆယ်ဒေသမှာ ဒေသခံပြည်သူတွေ တစ်ပိုင်တစ်နိုင်ရွှေတူးဖော်မှု

လန်ဆယ်ရွှေမှော်ဒေသကို ထိန်းချုပ်ထားတဲ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ရွှေမှော်ထဲမှာ ရှိနေတဲ့ ပြည်သူတွေကို ထွက်ခွာဖို့ နေ့စဉ် ပြောဆိုနေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား ကနေ လန်ဆယ်ထိခရီးသွားဖို့ လမ်းခရီး စရိတ် တစ်ယောက်ကို ပျမ်းမျှ ကျပ် ၁၄ သိန်းဝန်းကျင်ကုန်ကျရပြီး မြန်မာပြည် အောက်ပိုင်းဒေသ ရောက်လာသူများအဖို့ အခက်အခဲ ပိုမိုကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

တော်တော်လေးခက်ခဲကြတယ်။ ဘာလို့ဆို အဲမှာက တရုတ်ပိုက်ဆံနဲ့ပဲ ဆန်တွေ၊ ရိက္ခာတွေက စျေးကြီးကြီးနဲ့ ဝယ်စားရတယ်လေ။ လမ်းစရိတ်ကလည်း တစ်ယောက်ကို ၁၃ သိန်း၊ ၁၄ သိန်း ကားခပေးရတယ်ဆိုတော့ တချို့ကလည်း ရွှေရတယ်ပြောကြတော့ ဟိုပေါင် ဒီပေါင်နဲ့ ပေါင်နှံပြီးမှ ရောက်လာကြတယ်။ ဒီမှာ မှော်ပိတ်တာနဲ့ ကြုံတော့ ပြန်စရာလမ်းစရိတ်လည်းမရှိ၊ လုပ်စားမယ်ဆိုလည်း လုပ်လို့ကမရ အဲလိုဖြစ်နေတယ်။ တချို့ကလည်း မှော်ဘယ်အချိန်ပြန်ဖွင့်မလဲ ဖွင့်မဲ့အချိန်ကို နည်းနည်းပါးပါး နေ့စားလေးဘာလေးလုပ်ပြီး စောင့်နေတဲ့လူတွေလည်း ရှိတယ်။” လို့ လန်ဆယ်ရွှေမှော် ကနေ မြစ်ကြီးနား ဆင်းလာသူအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

တစ်ဖက်မှာ လန်ဆယ် ကနေ မြစ်ကြီးနားဆင်းလာတဲ့ လမ်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်သားသစ်စုဆောင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လန်ဆယ်ဒေသကို ပြည်သူ့စစ်တပ်ဖွဲ့က တဖန် ထိုးစစ်ဆင်လာမယ်ဆိုတဲ့ သတင်း ပျံ့နှံ့နေတဲ့အတွက်ကြောင့် စစ်ထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဆန်လယ်ဒေသ ရွှေတူးဖော်နေတဲ့မြင်ကွင်း

လက်ရှိ လန်ဆယ်ရွှေမှော် ကိစ္စမှာ တရုတ်နဲ့ ၀ ကုမ္မဏီတွေထက် ဒေသခံပြည်သူတွေကို ဦးစားပေးစေလိုပြီး ဒေသခံတွေရဲ့ သဘောတူညီမှု မပါပဲ မြေကွက်တွေကို ကုမ္ပဏီကြီးတွေဆီ သတ်မှတ်ပေးလိုက်တာမျိုးတွေကို စိုးရိမ်တယ်လို့ ထုတ်ဖော် ပြောဆိုမှုတွေ ရှိနေပါတယ်။

လန်ဆယ်ဒေသ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF နဲ့ နီးစပ်သူ ပူတာအို ဒေသခံလူငယ်တစ်ဦးက “KIO ဗဟိုကနေမှ လန်ဆယ်ဒေသဘက်မှာ စစ်သားတွေကို ဝင်ရောက်ခွင့်ပြုတာ၊ နေရာပေးတာတွေ အဲဒီပုံရိပ်ကြောင့် တော်လှန်ရေးအဖွဲ့တွက် အများကြီးထိခိုက်နစ်နာမှုရှိတယ်။ အရင်တုန်းကတော့ ကုမ္မဏီရှိပေမဲ့ စစ်သားတွေ မလာဘူး။ အခုတော့ စစ်သားတွေလည်း ရောက်နေတယ်။ ကျနော်တို့ အရမ်းစိုးရိမ်တာက တွေရောက်တဲ့နေရာတိုင်းက ပျက်တာ ပိုများတယ်။ သူတို့က မြေပေါ် မြေအောက်လှန်တဲ့ မျိုးတွေဆိုတော့ သူတို့ကို မြေကွက်ထောင်ချီပေးလာတာမျိုးဆိုရင် စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်။” လို့ ပြောပါတယ်။

လန်ဆယ် ဌာနေဒေသခံပြည်သူလူထုတွေအနေနဲ့ KIO အပေါ် ယုံကြည်မှု တည်ဆောက်နေရချိန်မှာ လူထုသဘောထားနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကိုသာ ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

KNG က စုံစမ်းသိရှိရသလောက် လန်ဆယ်ဒေသမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်နဲ့ လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော်နေထိုင်တယ်လို့ သိရပြီး အများစုမှာ လီဆူလူမျိုး နဲ့ ရဝမ်လူမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် သယံဇာတတူးဖော်ရေး လုပ်ငန်းခွင်အများစုမှာ အထိန်းအကွပ်မဲ့ အခြေအနေကြောင့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးတဲ့အပြင် ဌာနေဒေသခံ ပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်ရာ စားကျက်မြေတွေပါ ပျက်စီးနေတယ်လို့ သဘာ၀ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ ထောက်ပြကြပါတယ်။

ဒါကြောင့် လက်ရှိ KIO အနေနဲ့ လန်ဆယ်မှော်ဒေသကို ကုမ္မဏီ၊ ယန္တရားကြီးတွေကို တားဆီးနိုင်သလောက်တားဆီးပေးပြီး ပိုမိုကောင်းမွန်တဲ့ ယန္တရားနဲ့ အုပ်ချုပ်လည်ပတ်ပေးဖို့  တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button