သတင်း

အရေးပေါ်အကူညီလိုအပ်နေတဲ့ သတင်းသမားတွေကို ထောက်ပံ့သွားမယ်လို့ IPCM ကြေညာ

သတင်းမီဒီယာလုပ်ငန်းကနေ ရပ်နားထားပြီး၊ လက်ရှိအခြေနေအရ စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းမီဒီယာသမားတွေကို ကူညီထောက်ပံ့မယ်လို့ IPCM က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ကြေညာပါတယ်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာ ကောင်စီ  IPCM က လက်ရှိကာလ အလုပ်ရပ်နားသွားရတဲ့ သတင်းထောက်တွေအတွက် ရန်ပုံငွေ စုဆောင်းရရှိတာကြောင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းတွေကို စတင် လုပ်ဆောင်သွားမယ်လို့ IPCM ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ ဘယ်အပိုင်းမှာလိုအပ်ချက်ရှိလည်းဆိုတဲ့အပေါ်မူတည်တာကို အဲ့တာမျိုးတွေကိုတိတိကျကျသိရအောင်၊ တစ်ချို့ကလည်း စားနပ်ရိက္ခာတွေမှာလိုအပ်တာရှိမယ်။တစ်ချို့က ငွေကြေးအရလိုအပ်တာရှိမယ်။ အဲ့ပေါ်မှာအခြေခံပြီးတော့ပဲ တကယ် အကူညီလိုအပ်တယ်။ အရေးပေါ်အကူညီလိုအပ်တဲ့ ကိုယ့်သတင်းသမားတွေကနေ လျှောက်လွှာမှာပါတဲ့ စံနှုန်းသတ်မှတ်ချက် အတိုင်းဖြည့်ပြီးတော့ အဲ့အပေါ်မှာပြန်စီစစ်ပြီး ပံ့ပိုးသွားဖို့ရည်ရွယ်ချက်နဲ့ထုတ်ပြန်တာဖြစ်ပါတယ်” လို့ အကူညီထောက်ပံ့မှုအစီစဥ်နဲ့ ပတ်သက်ပြီး IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ရှင်းပြပါတယ်။

အကူညီထောက်ပံ့မှုလိုအပ်တဲ့ သတင်းသမားတွေအနေနဲ့ မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာဖြည့်တင်းပေး ကြရမှာဖြစ်ပြီး လျှောက်လွှာတွေကို အမြန်ဆုံးစိစစ်ပြီး ပြန်လည်ဆက်သွယ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါ တယ်။

လက်ရှိကာလမှာ မြန်မာသတင်းမီဒီယာသမားတွေဟာ နိုင်ငံတကာအထောက်အပံ့တချို့ ရပ်နားပြီးတဲ့နောက် သက်ဆိုင်ရာ သတင်းတိုက်တွေကလည်း ငွေကြေး မလည်ပတ်နိုင်တော့တာကြောင့် အလုပ်ရပ်နားခံရတာ၊ လုပ်ခလစာလျော့ပေါ့မှုတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

ဒီအခြေနေတွေအကြား အလုပ်ရပ်နားခံထားရတဲ့ သတင်းထောက်အမျိုးသားတစ်ဦးပြောတာက တစ်ခြားဌာနတွေအနေနဲ့လည်း လူခေါ်တာတွေလည်း ဖြစ်စေချင်တယ်။ ကျနော်က အလုပ်က လုံးဝရပ်သွားတာပေါ့။ ဌာနက တော့ ရှိတဲ့လူလေးနဲ့တော့ လည်ပတ်နေတာပေါ့လေ။ အလုပ်မရှိတော့ အိမ်စားရိတ်နဲ့စားဝတ်နေရေးကိုတော့ စိုးရိမ်ရတာ ပေါ့။ ဘယ်အချိန်မှပြန်ရမလဲမသိတဲ့အခြေနေကို” လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြန်မာ သတင်းဌာန ၆၀ ကျော်ရှိပြီး သတင်းထောက်လူဦးရေ ၁၀၀၀ ကျော်ရှိတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM စာရင်း တွေအရ သိရပါတယ်။

“ တစ်ချို့ကျတော့လည်း အလုပ်မရှိတော့တဲ့အခါကျတော့ တစ်ဦးတည်းရပ်တည်ရတာမဟုတ်ပဲနဲ့ အထူးသဖြင့် ပြည်ပရောက် မီဒီယာတွေပေါ့နော်။ ကိုယ့်ရပ်ရွာကနေထွက်လာသူတွေရှိတယ်။ တစ်ချို့ဆိုမိသားစုလိုက်ပါတော့ အဲ့တာတွေကအစ တစ်ဦးပဲ ခက်ခဲတာမဟုတ်ပဲနဲ့ သူတို့နဲ့ဆက်နွယ်တဲ့မိသားစုတွေပါခက်ခဲကြတာတွေကြားရတာရှိတယ် ဆိုတော့တော်တော်လေး အခက်အခဲကြီးတယ်။ ပြောရမယ်ဆိုရင် ဝင်ငွေမရှိတော့ စားဖို့ရောနေဖို့ပါခက်ခဲတယ် အရေအတွက်အတိအကျမသိဘူး ဆိုပေမဲ့လည်း တော်တော်များများတော့ သက်ရောက်မှုကတော့ရှိတာပေါ့နော်” လို့ IPCM ဥက္ကဌ နန်းဖော့ဂေက လက်ရှိ မြန်မာသတင်းမီဒီယာသမားတွေကြုံနေရတဲ့အခြေနေကို ပြောပြပါတယ်။

ဒါ့ကြောင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးသွားမှာဖြစ်ကြောင်း တစ်ဖက်မှာ သတင်း မီဒီယာတွေရဲ့ အခက်အခဲတွေကိုနားလည်ပြီး ပံ့ပိုးချင်တဲ့အဖွဲ့အစည်းများရှိရင်လည်း ပံ့ပိုးကူညီပေးကြဖို့ IPCM က တိုက်တွန်းပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံနယ်စပ်မြို့ တစ်နေရမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားတွေကို ကိုယ်စားပြုဖို့၊ သတင်းသမား လုံခြုံရေးနဲ့ အကာအကွယ် ရရှိရေးအတွက် ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button