မုံရွာ-ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့်ပိတ်ထားတယ်လို့ဆို

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ မကြာသေးခင်က ပြန်လည်ဖွင့်ပေးထားတဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းသွားလာခွင့်ကို ထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ရေးအခြေနေအရ တစ်နှစ်နီးပါးပိတ်ထားတဲ့ မုံရွာ– ဟုမ္မလင်းရေကြောင်းလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်က ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့တွက် ပြန်ပိတ်လိုက်တာလို့ အသက် ၄၀ ကျော်အရွယ် ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ပြန်ဖွင့်တာဖြင့်မကြာသေးဘူးလေ အဲ့တာပြီးခဲ့တဲ့လေးရက်နေ့လောက်က SNAနဲ့ စကစ(စစ်ကောင်စီတပ်) တွေပေါင်းပြီး ရွှေပြည်အေးမြို့ဘက်ကိုစစ်ကြောင်းထိုးသွားတာ အင်အားအလုံးအရင်းနဲ့အဲ့ကြောင့် PDF တွေဘက်က ရေကြောင်းကိုပြန်ပိတ်လိုက်တာ”လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။
မုံရွာ– ဟုမ္မလင်းရေကြောင်းလမ်းဟာ ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးမြို့နယ်အတွက် ကုန်စည်တွေတင်သွင်းရာမှာ အရေးပါရေလမ်းကြောင်းဖြစ်သလို စစ်ကောင်စီပူးပေါင်းတပ်အတွက်လည်း စစ်အင်အား၊လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေ သယ်ယူဖို့အရေးပါတဲ့ရေလမ်းကြောင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း PDF ပူးပေါင်းတပ်က၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ပြီးနောက် ၃ လအကြာ ၂၀၂၄ ခုနှစ် မတ်လမှာ ရေကြောင်းသွားခွ့င်ကို ရွှေပြည်အေးမြို့ကနေ ထိန်းချုပ်လိုက်ပြီး ၁၁ လအကြာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြန်ဖွင့်ထားတာဖြစ်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရွှေပြည်အေးဘက် စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားသွားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီပူးပေါင်းတပ်စစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့သိရပြီး ရွှေပြည်အေးအထိရောက်မလာပဲ လမ်းခုလတ်ကနေ ပြန်ခေါက်သွားပြီလို့ သိရပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တို့ စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် စစ်ရေးအခြေနေအရ စိုးရိမ်ရသေးတာကြောင့် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကို ဟုမ္မလင်းPDF တပ်ပေါင်းစုက ဒီနေ့ထိပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
“အဲ့စစ်ကြောင်းထိုးသွားတဲ့အဖွဲ့က မနေ့က ဟုမ္မလင်းကို ပြန်ရောက်လာတယ် အခြေအနေသွားကြည့်တာလို့ပြောကြတယ်။ ရွှေပြည်အေးမြို့ထဲ အထိတော့မရောက်လာဘူးတဲ့မြို့ မြို့ထဲထိရောက်လာရင်တော့တိုက်ပွဲဖြစ်မှာ ပြန်လှည့်လာကြတယ် အခုအခြေနေစောင့်ကြည့်နေတယ် ပြန်ဖွင့်တာမကြားသေးဘူး”လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးကဆက်ပြောပါတယ်။
ခုလို မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိတ်လိုက်ပြီးနောက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ခန္တီးမြို့နယ်တွေအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်၊ ဆေးဝါးတွေကိုလေကြောင်းကနေပဲ တင်သွင်းရတာဖြစ်လို့ ကုန်စျေးနှုန်းတွေလည်းအဆမတန်စျေးမြင့် တက်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့ရဲ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်အတွက်ရေကြောင်းအသုံးပြုရာမှုအရေးပါတဲ့ ရွှေပြည်အေးမြို့ကို ဟုမ္မလင်း HPDF, HPDF 124, HPDF (မိုးကြိုး) နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw