ဖားကန့်ပြည်သူတွေ ဗုံးခိုကျင်း ပြင်ဆင်ထားဖို့ KIA ညွန်ကြား

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေမှာ ကတုတ်ကျင်း ပြင်ဆင်ထားဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီလကုန်ပိုင်းခန့် ကနေ ဖားကန့်မြို့အပါအဝင် ဆန်ခါ၊ ဖားပြင်၊ မမုံ၊ နန့်မှော်၊ ဂွေခါ စတဲ့ ကျေးရွာတွေမှာ တကုတ်ကျင်းတွေ တူးဖော်ထားကြဖို့ ကျေးရွာတာဝန်ခံတွေဆီကနေ တဆင့်ညွန်ကြားထားသလို အော်လံတွေနဲ့လည်း လိုက်လံပြောဆိုနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“ပြည်သူလူထုတွေ လုံခြုံရေးအတွက်တော့ ဗုံးခိုကျင်းတွေတူးခိုင်းထားတာဟုတ်တယ်။ ဖားကန့် တစ်မှော်လုံးပေါ့နော် ကတုတ်ကျင်းတွေတူးဖို့ နှိုးဆော်နေတာတွေလုပ်နေတယ်။ အရက်ပိုင်းအတွင်းမှာလည်း တစ်ခါပြန်နှိုးဆော်တာတွေရှိတယ်။ တစ်အိမ်တစ်ကျင်းမတူးနိုင်ရင်တောင် နှစ်အိမ်၊ သုံးအိမ်မှာ တစ်ကျင်းတူးထားဖို့ ပြောဆိုထားတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်က ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလအတွင်းမှာ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ နဲ့ အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာကို ခပ်စိပ်စိပ် လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆန်ခါနဲ့ မဇွပ်ယန် ကျေးရွာ နှစ်ခုကြားမှာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၇ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာလည်း KIA တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ ရှိတဲ့ နေရာဘက်မှာ ဂျက်လေယာဉ် နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု မရှိပေမယ့် နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေမလုပ်ဘဲ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ထက်မနည်း လာရောက် ပျံဝဲတာတွေလည်း ပုံမှန်လုပ်ဆောင်နေတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အနေနဲ့ အသက်အန္တရာယ်ကာကွယ်နိုင်ဖို့ရန်အတွက် တစ်အိမ်မှာ တကုတ်ကျင်း မတူးမနေရ နဲ့ ညွန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကို လေကြောင်းနဲ့တိုက်ခိုက်တဲ့အပြင် ဖားကန့် စစ်တပ်ကုန်းကနေလည်း KIA နဲ့ PDF တပ်တွေ တပ်ချထားတဲ့ ဂိတ်စခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရှယော်ခကျေးရွာအဝင် ညောင်ပင်ကုန်းနားက KIA နဲ့ PDF တပ်တွေ အထိုင်ချထားတဲ့ တပ်စခန်းတစ်ခုကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။
“ဖားကန့်ရှယော်ခ ညောင်ပင်ကုန်းနားမှာ အထိုင်ချထားတဲ့ KIA တပ်စခန်းကို စစ်တပ်ကနေ နောက်ဆုတ်ခိုင်းစေချင်တာ ထင်တယ်။ ဒရုန်းနဲ့ ရွာထဲကို လှမ်းပစ်တာ ထိတာလည်း အဲဒီတစ်နေရာမှာပဲ ကျန်တဲ့ နေရာတွေမှာက မထိပါဘူး။ အဲ့ဒါကြောင့် တပ်မကုန်းကနေ အပြန်အလှန်ပစ်ခတ်ကြတာရှိတဲ့။ အဲဒီတစ်ရက်ပါပဲ နောက်တော့ ပြန်ငြိမ်သွားကြတယ် စစ်ရေးကတော့ လက်ရှိ အချိန်ထိတော့ တင်းမာမှုရှိနေသေးတယ်လို့ပြောလို့ရမယ်။ တိုက်ပွဲဖြစ်တာတော့မရှိသေးဘူး”လို့ပြောပါတယ်။
လက်ရှိ ဖားကန့် စစ်ရေးအခြေအနေဟာ တိုက်ပွဲငြိမ်သက်နေပေမယ့် KIA နဲ့ PDF တွေရှိနေတဲ့ နေရာတွေကို စစ်ရေးလှုပ်ရှားလာတာတွေရှိခဲ့ပါက အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၄ မေလ ဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ တပ်စခန်း ၆ ခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲ ဆောင်ခဲ့ပြီးတော့ ယနေ့အထိ တိုက်ပွဲငြိမ်သက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကို ၂၀၂၃ ခုနှစ်မှာ ဖုန်း၊ အင်တာနက်အားလုံးကို ပြတ်တောက်ထားတာ ဖြစ်ပြီး ဖားကန့်ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲသွားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)