
ကချင်ပြည်နယ်မှာ အရှိန်အဟုန်နဲ့စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်ရေးဟာ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာပဲ တစ်နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီစစ်ရေးအရှိန် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လက်အောက်ကို နှစ်ပေါင်းများစွာရောက်ရှိခဲ့တဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တစ်ခုလုံးနဲ့အတူ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်တို့ကြီးစိုးရာ ကချင်အထူးဒေသ ၁ တစ်ခုလုံးကိုလည်း KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်–မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ်အပါအဝင် ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မြို့လှ၊ ဆင်ဘို၊ ကန်ပိုက်တီ၊ ဆဒုံး၊ အင်ဂျန့်ယန် စတဲ့ မြို့ပေါင်း ၁၃ မြို့ ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါ့ကြောင့် ကေအိုင်အေနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းတစ်ခုလုံးကိုထိန်းချုပ်ထားနိုင် ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
အာဏာမသိမ်းခင် နှစ်တွေထဲက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အနီးကပ်လက်နက်ကြီးနဲ့ ခြိမ်းခြောက်မှုတွေရှိခဲ့ပြီး ဒေသခံတွေကလည်း အသက်နဲ့လုံခြုံရေးအတွက် အမြဲစိုးရိမ်ခဲ့ကြရတာပါ။
စစ်ကောင်စီတပ် ကင်းစင်သွားပြီးနောက် လိုင်ဇာဒေသခံ အမျိုးသမီးကတော့ သူ့ရဲ့ ခံစားချက်ကို KNG ကို ပြောပါတယ်။
“အခုက ကျွန်မတို့အနေနဲ့ စိတ်လွတ်လွတ်လပ်လပ် သွားလာလို့ရတာ ဖြစ်ပေမယ့်လည်း အခုက အပေါ်က ရန်သူကို ကြောက်ရ တာပေါ့ သွားလာတဲ့ အချိန်တွေမှာလည်း ဒရုန်းနဲ့ လေယာဉ်တွေကိုတော့ စိုးရိမ်နေရတယ်။ အုပ်ချုပ်တဲ့ အပိုင်းကတော့ ကေအိုင်အို အစိုးရရဲ့ အုပ်ချုပ်မှုပုံစံ အတိုင်းသွားနေတာဆိုတော့ ကောင်းတယ်လို့ မြင်မိပါတယ်။ ကျွန်မတို့က ဒီမှာဘဲနေတော့ ဒီကမြင်တဲ့ အမြင်ဘဲ ပြောနိုင်တယ်။ ကျွန်မတို့က ဒီမှာနေတော့ အမြင်က ဒီလိုရှိပေမယ့် တခြားဒေသမှာနေတဲ့သူတွေရဲ့ အမြင်တော့မသိဘူး။ ဒါပေမယ့် ကျွန်မတို့အမြင်တော့ အစိုးရတစ်ရပ်လို သွားနေတဲ့အတွက် ကောင်းတယ်လို့ မြင်ပါတယ်။”
အခုလို စစ်ကောင်စီရဲ့ အုပ်စိုးမှုကနေ KIO က အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်တာဝန်ယူရတဲ့ ဒေသတချို့မှာ စိန်ခေါ်မှုတွေ များစွာရှိနေတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကျနော်တို့လည်းကြိုးစားပြီးမှ စကစရဲ့ စခန်းတော်တော်များများကိုသိမ်းထားတာတော့ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ပိုပြီးမှ စိတ်ချအောင်ပေါ့ သူတို့ရဲ့လုံခြုံရေးတွေကို မယူနိုင်တာကတော့ စိတ်တော့ မကောင်းပါဘူး။ ဒါပေမဲ့ ကြိုးစားပြီးမှ ဆက်ဖို့ အမြဲတမ်း စီစဥ်နေပါတယ်။ တစ်ချို့ရပ်ရွာတွေတစ်ချို့မြို့တွေမှာတော့ ကျနော်တို့အုပ်ချုပ်ရေးယန္တရားချနိုင်တဲ့ မြို့တွေလည်းရှိပါတယ်။ တစ်ချို့ရပ်ရွာတွေမှာတော့ အုပ်ချုပ်ရေးယန္တရား ကောင်းကောင်းမချနိုင်တာတွေလည်းရှိပါတယ်။ လုံခြုံရေးလည်းအတတ်နိုင်ဆုံးယူထားတာတော့ရှိပါတယ်။ ဒါပေမဲ့ စကစဘက်က သူတို့လက်လွှတ်လိုက်ရတဲ့နေရာတွေကို လေကြောင်းနဲ့တိုက်ခိုက်တာတွေ ဗုံးကြဲတာတွေရှိပါတယ်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့တော့ကျီးလန့်စာစားပေါ့နော် စိတ်မချိနိုင်တဲ့အနေအထားတွေတွေ့ရပါတယ်ခင်ဗျာ။” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးယန္တရားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ လူ့စွမ်းအားအရင်းအမြစ် ဝန်ထမ်းလိုအပ်ချက် တွေကလည်း စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေတယ်လို့ KIO အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ လုပ်ဆောင်နေသူတွေက ဆိုကြပါတယ်။
ကချင်ပြည်နယ်တစ်ဝှမ်း အရှိန်အဟုန်မြင့်စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ အမြစ်ဖြတ် ချေမှုန်းရေးစစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ပေါင်း ၁၃ မြို့အပြင် စစ်ကောင်တပ်စခန်း ကြီးငယ်ရာနဲ့ချီကို ထိန်းချုပ်နိုင်တဲ့ အောင်မြင်မှုကို ရခဲ့တာပါ။
အခုလို အောင်မြင်မှုတွေရရှိလာတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့အပြင် တစ်ခြားသော မဟာမိတ်တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ဒီအောင်မြင်မှုတွေရဲ့အက္ခရာကျတဲ့အချက်ဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။
“အဓိကအောင်မြင်မှုကိုသုံးသပ်ကြည့်ရင် မဟာမိတ်စုဖွဲ့မှုပေါ့ KIA တစ်ဖွဲ့တည်း မဟုတ်ပဲနဲ့ တစ်ခြားမဟာမိတ်လက်တွဲညီညီ တိုက်ပွဲဖော်ဆောင်နိုင်တဲ့အတွက်ကြောင့်မို့ အောင်မြင်မှုကိုရတယ်လို့ အဲ့လိုမှတ်ချက်ပြုချင်ပါတယ်။ နောက်တစ်ခုက အင်အား ကြီးနိုင်ငံလည်းဖြစ် အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ တရုတ်ရဲ့စူပါပါဝါနဲ့ တင်းကြပ်မှုအမျိုးမျိုးကြားထဲမှာ သူတို့ ကြိုးစားခဲ့ တယ်။ ရှိခဲ့တယ် ရှိလည်း ရှိနေဆဲပေါ့နော်။ နောက်တစ်ခုကတော့ တပ်မတော်အနေနဲ့လည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု များလာတယ်။ ဒရုန်းတွေတိုက်လေယာဥ်တွေပိုသုံးလာတယ်။ သုံးလာနေတယ်။ ဒါကလည်းကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုလို့ မြင်မိတယ်။ ဒီလိုတစ်နှစ်ပြည့်ပြီးတဲ့နောက် နောက်နောင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တိုက်ပွဲကကျဥ်းသွားမယ် တိုက်ပွဲက တော့ ဆက်ရှိနေပါလိမ့်မယ်လို့ မှတ်ချက်ပြုချင်ပါတယ်။” လို့ ကချင်စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
ကချင်နဲ့ စစ်ကိုင်းအစပ် စစ်ကိုင်းတိုင်းထဲမှာတော့ ကေအိုင်အေရဲ့ စစ်ရေးအကြီးအကဲတွေ ဦးဆောင်ပြီး NUG လက်အောက်ခံ ကာကွယ်ရေးတပ်နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ပူးပေါင်းတိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့ မော်လူး၊ ပင်လည်ဘူး၊ ခါမ်းပါတ်၊ ရွှေပြည်အေး နဲ့ မြို့သစ် စတဲ့မြို့တွေကိုလည်း သိမ်းပိုက်ထားပါသေးတယ်။
ဒါ့အပြင် မြို့သိမ်းစခန်းသိမ်း အောင်မြင်မှုတွေနဲ့အတူ လက်ရှိမှာတော့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့အထိပါ KIA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ရေးအဟုန်က ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိလာတဲ့စစ်ကောင်စီတပ်ကတော့ ကချင်ပြည်နယ်တင်မက မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသ အများစုမှာ အာဏာသိမ်းပြီး ၄ နှစ်အတွင်း တပ်စခန်း၊ စစ်ဌာနချုပ်တွေကို စံချိန်တင်ဆုံးရှုံးမှုတွေအပြင် မြို့ကြီးတွေကို ပါလက်လွှတ်ရတဲ့အခြေနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ကတော့ နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့အခြေစိုက်စခန်း ပေါင်း ၁၈၀ နီးပါးကို ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့အလေးထားရမယ့် ညွှန်းပြမြေပုံစာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
By – အမိုး