သတင်း

ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ တိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်း(Lido Lam) ရှဒူးဇွပ်ကျေးရွာ (Jahtuzup) ဒေသ ဝခါး(Wahka)မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းရဲ့ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦး‌ဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ မနက်အစောပိုင်း ဝခါးမှော်အနီးရှိတဲ့ KIA တပ်စခန်းတစ်ခုဖြစ်တဲ့ ကာကင်းစခန်းအပါ ဝန်ရောဒ်( Wun Rawt) တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KIA တပ်သားတစ်ဦးလည်း အသက်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ရှဒူးဇွပ်အနီးက Wun Rawt စခန်းကို လက်လွတ်လိုက်ရတာဖြစ်တယ်။ လက်လွတ်လိုက်ရတာကလည်း စစ်အင်အားမရှိတာရယ်။ ပြီးရင် ဒရုန်းလက်နက်တွေနဲ့ အသကုန်လာပစ်လို့ အလစ်ဝင်သိမ်းသွားတာဖြစ်တယ်။ အင်အားမမျှတော့ လက်လွတ်လိုက်ရတဲ့ သဘောပါလို့ပြောပါတယ်။

မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ KIA တပ်စခန်းမှာ စစ်အင်အား ၈ ဦးခန့်သာရှိပြီး ပြည်သူ့စစ်အဖွဲ့ကနေ လက်နက်အင်အား၊ စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KIA တပ်စခန်း တိုက်ခိုက်ခံရမှုမှာ KIA ဘက်က တပ်သားတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီးတော့ လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းခံလိုက်ရတာဖြစ်ပါတယ်။

အလားတူ မနေ့က တစ်ရက်ထဲမှာပဲ KIA တပ်စခန်းတစ်ခု တိုက်ခိုက်ခံရတဲ့အပြင် KIA တပ်ရင်း ၁၄ နေရာကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ KIA တပ်ရင်း ၁၄ နေရာမှာ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပေမယ့် သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ဆီကသိရပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ KIA တပ်မဟာ ၂ ၊ တပ်ရင်း KIA ၁၄ နေရာ ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ ဖားကန့်ဒေသ KIA တပ်မဟာ ၉ နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ရှဒူးဇွပ်ရွှေမှော်ဒေသမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

“တိုက်ခိုက်ခံရတဲ့ အခြေအနေတော့ရှိတယ်။ ဘယ်ဖြစ်သွားတာလဲတော့ အသေးစိတ်မသိရသေးဘူး။ မနက်ပိုင်းမှာ တိုက်ခိုက်ခံရတဲ့ စခန်းကို လေကြောင်း၊ ဒရုန်းနဲ့တိုက်တယ်။ လေကြောင်းတိုက်ခိုက်ခံရတာက အဲဒီနေရာမှာပဲ မဟုတ်ဘူး တပ်မဟာ ၉ ဘက်မှာလည်း လာပစ်တယ်။ တပ်ရင်း ၁၄ နယ်မြေက တပ်စခန်းတစ်ခု သိမ်းပိုက်ခံလိုက်ရတဲ့ သဘောလည်းရှိတယ်။ အသေးစိတ် စုံစမ်းနေပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၉ နေရာနဲ့ တပ်ရင်း ၆ နေရာတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသလို တပ်ရင်း ၁၄ နေမြေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝါရာဇွပ်နဲ့ ရှဒူးဇွပ်ဒေသမှာ အင်အားကြီးလာတဲ့ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက စစ်အင်အားအလုံးအရင်းနဲ့ KIA တပ်စခန်းနေရာတွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလမှာလည်း တနိုင်း လီဒိုလမ်း လဝါးကျေးရွာက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရတာကြောင့် KIA တပ်သား ၄ ဦးအသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလမှာ ရှဒူးဇွပ်ဒေသ ချောင်းဆုံမှော်အနီး ကနွယ်သူ KIA တပ်စခန်းလည်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့တာဖြစ်ပါတယ်။

ရှဒူးဇွပ်ဒေသမှာ KIA နဲ့ မင်းဇေသန့်ပြည်သူ့စစ်ကြား တိုက်ပွဲငြိမ်သက်သွားတာ နှစ်ခန့်ကြာမြင့်လာပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်းလောက်ကနေ တနိုင်းလီဒိုလမ်းမပေါ်မှာ တဖန် နှစ်ဖက်တပ်တင်းမာမှုဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်နက်ကိုင်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှုဖြစ်လာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့ ရှဒူးဇွပ်၊ ဝါရာဇွပ်ဒေသခံ ပြည်သူတစ်ချို့ဟာ ကျေးရွာတွေထဲကနေ ယာယီတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button