သတင်း

KIO နှင့် PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီး ဖြစ်ကြောင်း TNLA ပြော

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီးကြောင်း မေလ ၄ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။

“ကြိုတင်ပြင်ဆင်မှု အစည်းအဝေးဆောင်ရွက်ပြီးပါပြီ။ အခုကတော့ နေရာသတ်မှတ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ နေရာသတ်မှတ်ပြီးပြီဆိုရင် မကြာမှီကာလအတွင်းမှာ တွေ့ဆုံပြီးမှ ကချင်လူမျိုးနဲ့ တအာင်းလူမျိုး၊ KIO နဲ့ PSLF ကြားမှာ ဘယ်လိုပူး‌ပေါင်းဆောင်ရွက်မှုမျိုး လုပ်သွားကြမလဲဆိုတာမျိုး တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

PSLF /TNLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီးတားပန်လ‌က KIA နှင့် မဟာမိတ်စာချုပ် ၃ ခု ရှိထားသလို နှစ်စဉ်နစ်တိုင်း ဗဟိုကော်မတီအချင်း တွေ့ဆုံမှုလုပ်ဖို့ သဘောတူထားပေမယ့် စစ်ရေးကာလပြင်းထန်တဲ့အချိန် ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ချို့ညှိနှိုင်းရမယ့်ကိစ္စတွေ ညှိနှိုင်းဖို့အချိန်ခါ မရောက်‌သေးတာ့ မြေပြင်မှာပြသာနာလေးတွေ နည်းနည်းပါးပါး ဖြစ်ပွားခဲ့တယ်လို့ TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

ဒါ့အပြင် KIO နှင့် PSLF တို့ဟာ ၁၉၇၆ ခုနှစ်ကစပြီး ထာ၀ရမဟာမိတ်ပုံစံ အတူလက်တွဲဆောင်ရွက်ခဲ့ပြီး၂၀၁၃၊ ၂၀၂၃တို့တွင် ထပ်မံပြီး မဟာမိတ်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရန် အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ရှိထားကြောင်း ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးအဖွဲ့များ စတင်နေပြီဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြရန်အပါအဝင် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေကို မျှော်လင့်ကြောင်း KIO ဘက်က ဗိုလ်ချူပ်ဂွမ်မော်က သူရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

တစ်ဖက်မှာလည်း  KIO နဲ့ PSLF/ TNLA တို့နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအခြေအနေနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ အွန်းလိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေလည်း တွေ့ရပါတယ်။

ရှမ်းမြောက်မှာ ကချင် နဲ့ ပလောင် လူမျိုးစုနှစ်ခုကြား လူမျိုးရေးပဋိပက္ခမဖြစ်ပွားအောင် လက်နက်ကိုင်နှစ်ဖွဲ့ကို ပြည်သူတွေ တောင်းဆိုနေတာလည်းရှိသလို မြေပြင်မှာ လက်နက်ကိုင်အချင်းချင်းကြား ဖြစ်နေတဲ့ ပြဿနာရပ်တွေပေါ် အခြေခံပြီး နှစ်ဖွဲ့တွေ့ဆုံညှိနှိုင်းရေး အဖြေကောင်းထွက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Show More

Related Articles

Back to top button