မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့မှာ Mytel အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ရနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး စစ်ကောင်စီထုတ် Mytel အော်ပရေတာရဲ့ အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်လို့ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တစ်ဝှိုက် ဒီနေ့မနက်ပိုင်းမှာပဲ 4Gအင်တာနက်လိုင်း အထိတက်လာတာဖြစ်ပြီး ငွေလွှဲ ငွေထုတ်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Kpay နဲ့ Mytel pay အသုံးပြုလို့ရနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ တစ်ခြားသော လူမှုကွန်ယက်အက်ပလီကေးရှင်းတွေတော့အသုံးပြုလို့မရသေးဘူးလို့ ဒေသခံအမျိုးသမီး တစ်ယောက်က အခုလိုပြောပါတယ်။
“မိုင်တယ်လ်က 4G တက်နေပြီ၊ KPay နဲ့ Mytel Pay တွေသုံးလို့ရနေပြီ။ မိုင်တဲလ်ဖုန်းကဒ်ရှိတဲ့သူကတော့ ငွေလွှဲငွေထုတ် တွေ အဆင်ပြေသွားပြီ။ ဖုန်းလိုင်းကလည်းကြည်နေတာပဲ။ ဖေ့ဘုတ်တွေဘာတွေတော့သုံးလို့ မရဘူး။ Social Media နဲ့ပတ်သက် တာတော့မရသေးဘူး“လို့ ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။
တစ်နှစ်နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနား မြို့မှာ စစ်တပ်ထုတ် Mytel အော်ပရေတာရဲ့ ဖုန်းလိုင်းတွေပြန်လည်ရရှိနေတာ ဒီလတတိယအပတ်လောက်ကပဲဖြစ်ပါတယ်။
ဒါပေမဲ့ အကန့်အသတ်တွေနဲ့သာရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကဆို လိုင်းတွေပြန်လည်ပြတ်တောက်သွားတာမျိုးတွေရှိ ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။
တစ်ဖက်မှာ တစ်ခြားသောအော်ပရေတာတွေဖြစ်တဲ့ MPT၊ Ooredoo၊ ATOM ဖုန်းလိုင်းတွေကတော့ စစ်ကောင်စီရဲ့ ဌာန ဆိုင်ရာ ရုံးတွေနဲ့ ရပ်ကွက်တစ်ချို့မှာသာအကန့်အသတ်နဲ့ဆက်လက်ရရှိနေပြီး လိုင်းတွေဆက်လက်ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့အပါအဝင် တစ်ပြည်နယ်လုံးအတိုင်း အတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံခဲ့ရတာကြောင့် Starlink အင်တာနက်ကို အဓိကအသုံးပြုနေကြရတာ ဖြစ်ပါတယ်။
အခုလို အင်တာနက်နဲ့ဖုန်းလိုင်းတွေကို နည်းလမ်းတစ်စုံတစ်ရာနဲ့အသုံးပြုလို့ရနေပေမဲ့လည်း ကချင်ပြည်နယ်အတွင်း နေထိုင်သူဒေသခံတွေဟာ သတင်းရရှိမှုနှေးကွေးတာ၊ မရရှိတာ စတဲ့အခြေနေတွေနဲ့ကြုံတွေ့နေကြရပြီး ဖုန်းနဲ့အင်တာနက် လိုင်းဖြတ်တောက်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုကြုံနေကြရပါတယ်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ကစလို့ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ယနေ့အထိအရှိန်မြင့်နေဆဲဖြစ်သလို နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေကြဆဲဖြစ်ပါတယ်။
By – အမိုး