မေခမြစ်မှာ ပုပ်ပွနေတဲ့ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

ချီဖွေမြို့ မေခမြစ်မှာ ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်းကပုပ်ပွဲပြီး ရုပ်ပျက်နေပြီဖြစ်တဲ့အတွက် မည်သူမည်ဝါဆိုတာ မသိနိုင်တော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အင်္ကျီလည်းမပါတော့ဘူး ဘောင်းဘီအမဲဝတ်ထားတယ်။ ညာလက်မှာ တက်တူးထိုးထားတာရှိတယ်။ ကျန်တာတော့ တော်တော်ရုပ်ပျက်နေပြီ။ မမှတ်မိနိုင်တော့ဘူး”လို့ ပြောပါတယ်။
ပုပ်ပွသေဆုံးထားတဲ့ ရုပ်အလောင်းပေါ်မှာ ရိုက်နှက်ခံထာရတဲ့ပုံစံနဲ့သတ်ဖြတ်ခံရတဲ့ ပုံစံမျိုးမတွေ့ရတာကြောင့် ဒေသခံတွေ ခန့်မှန်းပြောဆိုတာကတော့ မေခမြစ်အထက်ဘက် ရွှေလုပ်ကွက်ဘက် ရေနစ်မြုပ်သွားတဲ့ ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။
ရုပ်အလောင်းကိုတော့ ဘာသာရေးအဖွဲ့စည်းနဲ့ ရပ်မိရပ်ဖ၊ပြည်သူ တွေပေါင်းပြီး မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။
“အဲဒီသဲသောင်ပြင်မှာပဲ ဆုတောင်းပေးပြီး သင်္ဂြိုဟ်လိုက်ပြီ။ဘယ်သူဘယ်ဝါဆိုတာလည်း မသိနိုင်တော့ဘူးလေ”လို့ မြို့ခံအမျိုးသမီးတစ်ဦးပြောပါတယ်။
ချီဖွေမြို့ မေခမြစ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း အမျိုးသားနှစ်ဦးအလောင်းတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေပြောပါတယ်။
By – အက်စတာ