လိုင်စင်မဲ့ကားဖမ်းဆီးခံရသူတွေ ငွေကျပ် သိန်း ၃၀ နဲ့ ၅၀ ကြားဒဏ်ရိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ မော်တော်ယာဉ်ကားတွေကို စစ်တပ်က နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်တဲ့အပြင် ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလည်း အမြင့်ဆုံး ကျပ် သိန်း ၃၀ နဲ့ ၅၀ အထိ ဒဏ်ငွေပေးဆောင်နေရတယ်လို့ သိရှိရပါတယ်။
မေလကုန်းပိုင်းကနေ မြစ်ကြီးနားမြို့ပေါ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်အတွင်း မြို့တွင်းလမ်းဆုံနေရာတွေမှာ ပြည်သူ့စစ်အပါ စစ်သား၊ ရဲ၊ ယာဉ်ထိန်းရဲတွေ စုပေါင်းပြီး လိုက်လံဖမ်းဆီးနေတာရက်အနည်းငယ် ကြာမြင့်လာပြီဖြစ်ပါတယ်။
လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးမှုပြုလုပ်တဲ့ ရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ရဲစခန်းနဲ့ တရားရုံးတွေမှာ အမှုရင်ဆိုင်ရသလို ပြန်လည်လွတ်မြောက်လာဖို့ ငွေကျပ် သိန်း ၃၀ နဲ့ ၅၀ ကြား ကုန်ကျခံပြီးမှသာ လွတ်မြောက်လာတယ်လို့ ဖမ်းဆီးခံရသူတွေပြောပါတယ်။
ယခုရက်ပိုင်း ည ၇ နာရီဝန်းကျင်အချိန် ဆေးသွားဝယ်ရင်းဖမ်းဆီးခံရပြီး ရဲစခန်းမှာ ၃ ရက်ခန့် ဖမ်းဆီးထိန်းသိမ်းခံရကာ ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်အမျိုးသားတစ်ဦးက ဖမ်းဆီးခံရတဲ့အခြေအနေကို ခုလိုရှင်းပြပါတယ်။
“ဖမ်းဆီးခံရပြီဆိုရင် ကားကပြန်မရတော့ဘူး အပိုင်သိမ်းလိုက်ယူလိုက်တယ်။ ရဲစခန်းရောက်သွားပြီဆိုကတည်းက အရင်ကလို ငွေပေးပြီး ပြန်ထုတ်ယူလို့မရတော့ဘူး။ လူကိုကျတော့ သူတို့ကအမှုဖွင့်တယ်။ ရဲစခန်းမှာလည်းဆိုင်ရာ ပိုင်ရာတွေကို ညှိပြီး ပိုက်ဆံပေးရတယ်။ နောက်တရားရုံးကို ပြန်ပို့ပြီး အမိန့်ချတယ်။ အမိန့်ချတဲ့အချိန်မှာက ငွေက ၂ သိန်းပဲ။ ဒါပေမယ့် ငွေဒဏ်ချပေးဖို့အတွက် အမြန်နည်းဆိုပြီး ၅ သိန်း သီးသန့်ပြန်ပေးရတဲ့ဟာအရမ်းများတယ်”လို့ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူတစ်ဦးရဲ့ပြောပြချက်အရ ဖမ်းဆီးခံရပြီးနောက်ပိုင်း အမှုအမြန်ပြီးမြောက်ဖို့ အဆင့်ဆင့်ငွေတောင်းခံတဲ့ လုပ်ငန်းစဉ်များတဲ့အတွက် တစ်ဦးလျှင်သိန်း ၃၀ နဲ့ လွတ်မြောက်လာကြတဲ့ ပြည်သူတွေရှိသလို တစ်ချို့က သိန်း ၅၀ အထိပေးဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်ချို့ပြည်သူတွေဆိုရင် လွတ်မြောက်လာဖို့ ငွေကြေးပေးဆောင်လိုက်ပေမယ့် ရက်ပေါင်း ၁၅ ရက်ခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံရသူတွေရှိသလို ၃ ရက်နဲ့ လွတ်မြောက်လာတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ငွေကြေးတတ်နိုင်တဲ့ ပြည်သူတစ်ချို့က ဖမ်းဆီးခံရတဲ့ နေရာမှာတင် ရဲစခန်းအထိမရောက်သွားဘဲ ညှိနှိုင်းမှုလုပ်ပြီး လွတ်သွားတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေ ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေ ကားလိုင်စင်တွေကို ပထမဆုံးစတင်ဖမ်းဆီချိန် ည ၁၀ နောက်ပိုင်းမှသာ အဖမ်းအဆီးပြုလုပ်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ ဖမ်းဆီးရတဲ့ကားအရေအတွက် နည်းလာတဲ့အတွက် ပြည်သူတွေအများဆုံးသွားလာတဲ့အချိန် ည ၇ နဲ့ ၈ နာရီကြား ပြန်လည်ဖမ်းဆီးနေတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်ကဆက်ပြောပါတယ်။
“အရင်စဖမ်းခါတုန်းက ည ၁၀ နောက်ပိုင်းမှ ဖမ်းကြတာ။ လူတွေကလည်း ဖမ်းတဲ့အချိန်ဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူးလေ။ နောက်ပိုင်း ၉ နာရီလောက်မှာ ပြန်ဖမ်းတယ်။ အဲ့လို ၉ နာရီနောက်ပိုင်းလည်း ဘယ်သူမှပြန်မထွက်ကြတော့ဘူး။ စစ်တပ်က ကားဖမ်းဆီးမှု ကားအရေအတွက်နည်းလာလေ။ ၈ နာရီ၊ ၇ နာရီတို့ဘက် ပြန်ရောက်လာတယ်။ နောက်ဆိုရင် နေ့လည်တွေမှာတောင်ဖမ်းဆီးလာနိုင်တယ်။ အဲ့ဒါကိုလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။
လိုင်စင်မဲ့ကားတွေ အများဆုံးရှိတဲ့ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အဖမ်းအဆီးတွေကြောင့် မြို့တွင်း ဆိုင်ခန်းဖွင့်ထားတဲ့သူတွေ၊ ကျောင်းသွား ကျောင်းပြန် အကြိုအပို့လုပ်တဲ့သူတွေ၊ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားကြတဲ့သူတွေဟာ တစ်ရက်သာသွားလာဖို့ အဆိုးဆုံးအချိန်ကို ရင်ဆိုင်ကြုံတွေ့ နေရတာဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်တွေကို မြစ်ကြီးနား မြို့မရဲစခန်း၊ တရားရုံးနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) စစ်တပ်ရှိတဲ့ နေရာတွေမှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ပြည်သူတွေဆီကနေ လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ ကားတွေကို သက်ဆိုင်ရာ ရဲအရာရှိနဲ့ အစိုးရဝန်ထမ်းအကြီးအကဲတွေ ပြန်လည်စီးနင်းနေတာတွေလည်းတွေ့ရတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကြောင့် တိုင်းပြည်ရဲ့ အခွန်နစ်နာမှုရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို ပြောဆိုလိုက်ပြီးနောက် တခြားပြည်နယ်တွေအပါအဝင် ကချင်ပြည်နယ်ထဲက မြစ်ကြီးနားနဲ့ မိုးညှင်းမြို့တွေမှာ အဓိကကြပ်မတ်လုပ်ဆောင်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုင်ပြည်အခွန်တစ်ခုတည်းအတွက်သာမဟုတ်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ပြည်သူလူထုအပါ တော်လှန်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ဖို့ အဓိက လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးလုပ်ဆောင်လာတာဖြစ်တယ်လို့ ကချင်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောဆိုထားပါတယ်။
“ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ဒီတော်လှန်ရေးမှာပါဝင်တဲ့ ဥပမာ – PDF တွေလိုမျိုးပေါ့လေ အရမ်းစီးကြလို့ အဲ့တုန့်ပြန်မှုတွေ ထွက်လာတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အဲ့လိုမြင်ပါတယ်။ အဲ့လိုပြောတော့လည်း ထိတာက PDF တွေမဟုတ်ဘူးလေ။ စိတ်မကောင်းစရာ အဆိုးဆုံးနစ်နာတာ ထိတာကတော့ ပြည်သူတွေပါပဲ”လို့ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေ မြစ်ကြီးနားမြို့ထဲမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာတွေက တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမ လမ်းဆုံး၊ ရန်ကြီးအောင်အထွက် အထက(၁) ကျောင်းရှေ့ ကျောက်စိမ်းအဝိုင်းပတ် နေရာနဲ့ ခေမာသီရိသွားတဲ့ လမ်းဘက်နေရာတွေမှာ အဓိက ဖမ်းဆီးနေတယ်လို့သိရပါတယ်။
ကချင်ပြည်နယ်ထဲမှာ မြစ်ကြီးနားမြို့အပါ မိုးညှင်းနဲ့ ဟိုပင်မြို့တွေမှာလည်း အရေးပါတဲ့ လမ်းဆုံနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ပူးပေါင်းပြီး လိုင်စင်မဲ့ကားဖမ်းဆီးမှုတွေကို ဆိုးဆိုရွားရွာ လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေ ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်းက ဟိုပင်မြို့ ကျားကြီးကွင်းအထွက် လမ်းဆုံနေရာနဲ့ ပင်းဘောဂိတ်နေရာတွေမှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးပြီး ငွေကျပ် ၈၀ ဝန်းကျင်အထိ ဒဏ်ငွေရိုက်ပေးဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသကိုကွပ်ကဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဟိုပင် ကျားကြီးကွင်းနဲ့ ပင်းဘောဂိတ်တွေမှာ လိုင်စင်မဲ့ကားတွေကို သိမ်းယူလိုက်ပြီး ဆိုးဆိုးရွားရွား ငွေးကြေးတောင်းခံတာတွေ လုပ်နေတဲ့အတွက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ဖောက်ခွဲခံရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ လိုင်စင်မဲ့ကား စစ်ဆေးမှုကို မြို့တွင်းနေရာတွေမှာတင်မဟုတ်ဘဲ မြစ်ကြီးနားမြို့အထွက် နမ္မတီးမြို့အဝင် ၂၁ မိုင်ဂိတ်နဲ့ ပြည်ထောင်စုကားလမ်းမတစ်လျှောက် စစ်တပ်ဂိတ်ရှိတဲ့ နေရာတိုင်းမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးပြီး ဝင်ငွေရရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးတဲ့ လုပ်ငန်းစဉ်ကို သတ်မှတ်ထားတဲ့ အနေအထား တစ်ခုမရောက်မချင်း ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်ကြမှာဖြစ်ပြီး အနည်းဆုံး နှစ်လလောက် ကြာမြင့်သွားနိုင်တယ်လို့ ပြည်သူတွေ သုံးသပ်နေပါတယ်။
လက်ရှိ မော်တော်ယာဉ်ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဟာ ၂၀၂၀ ခုနှစ် ပြဌာန်းထားတဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေဖြစ်တဲ့ ပုဒ်မ ၈၅(က) နဲ့အညီဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်ကနေ တိုင်းနဲ့ ပြည်နယ်ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ် စတဲ့ ဒေသတွေမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။
မော်တော်ယာဉ် စီမံခန့်ခွဲရေးမှု ဥပဒေထဲမှာ လိုင်မဲ့ကားမောင်းနင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်တာဖြစ်ပါတယ်။
ပြဌာန်းထားတဲ့ ဥပဒေထဲမှာ ငွေဒဏ်ကို တိတိကျကျ ဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေသိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ ရသလို ပြစ်မှုကျူးလွန်သူကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ဥပဒေပုဒ်မအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
လက်ရှိ ကျင့်သုံးနေတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ဥပဒေကို ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေကို အစားထိုးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)