သတင်း

နောင်မွန်မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်ဖြင့်သာဖွင့်ပေး

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်နဲ့ သာဖွင့်ပေးတာကြောင့် ပြည်သူတွေအကြား ဆက်သွယ်ရေးမှာ အခက်အခဲတွေရှိ နေတယ်လို့သိရပါတယ်။

MPT ဖုန်းဆက်သွယ်ရေးလိုင်းတစ်ခုတည်းသာရရှိနေတဲ့ နောင်မွန်မြို့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလလောက်အထိ ဖုန်းလိုင်းအချိန်ပြည့်ဖွင့်ထားပေးပေမယ့် အဲ့ဒီနောက်ပိုင်း စက်သုံးဆီအခက်အခဲကြောင့်လို့ဆိုကာ အချိန်ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းလိုင်းက ညဘက်နဲ့မနက်စောစောမှာပဲလိုင်းကကောင်းတယ်။ ပုံမှန်လိုင်းရတဲ့အချိန်မှာ စကားပြောလို့ကြည်တယ်။ ဒါပေမယ့် မနက်နဲ့ညက မဖွင့်ပေးဘူး။ လိုင်းမကောင်းတဲ့နေ့ခင်းဘက်ဆိုရင်တော့ဖွင့်ပေးတယ်။ တစ်ခါတစ်လေ ဖုန်းတောင်ခေါ်မရဘူးနေ့ခင်းဘက်ကလို့ နောင်မွန်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

ဒေသခံတွေပြောတာက ဖုန်းလိုင်းကောင်းတဲ့ မနက်၊ည ဖွင့်ပေးခြင်းမရှိပဲ နေ့ခင်းဘက်အချိန်အကန့် အသတ်နဲ့သာဖွင့်ပေးတာကြောင့် ပြည်သူတွေမှာ ဆက်သွယ်ရေးပိုင်း အခက်အခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။

ကျမတို့က အရေးကြီးကိစ္စရှိပြီဆိုရင် ဖုန်းလိုင်းဘယ်ချိန်ဖွင့်ပေးမလဲ အဲ့တာပဲစောင့်နေရတာ။ အဲဖုန်းလိုင်းစောင့်တာက အလုပ်တစ်ခုလိုဖြစ်နေတာ ပြီးတော့ ဖွင့်ပေးပြန်လည်း ညနေ စောစောပဲပိတ်လိုက်တယ်လို့ နောက်ထပ် နောင်မွန်မြို့ခံ အမှတ်ရပ်  ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နောင်မွန်းမှာ အခုလိုဖုန်းလိုင်းတွေ အချိန်အကန့်အသတ်နဲ့သာဖွင့်ပေးထားတာကြောင့် ဒေသခံတွေဟာ သာရေး၊နာရေး၊ ကျန်းမာရေးနဲ့ အခြားအရေးပေါ် ကိစ္စရပ်တွေအတွက် ဖုန်းဆက်သွယ်လိုလျင် ဖုန်းလိုင်းဖွင့်ပေးတဲ့အချိန်အထိစောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် နောင်မွန်းမှာ ခုနောက်ပိုင်းဖုန်းတာဝါတိုင်တွေအတွက် စက်သုံးဆီသယ်ယူဖို့ခက်ခဲလာတာကြောင့် တာဝါတိုင်တွေကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ နဲ့လည်ပတ်ရတာကြောင့် ဖုန်းလိုင်းတွေအချိန်ပြည့်မဖွင့်နိုင်တာလို့ သိရပြီး အခြေနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နောင်မွန်းမြို့ဟာ မြန်မာပြည်ရဲ့မြောက်ဖျားပိုင်းဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်းခက်ခဲတာကြောင့် စက်သုံးဆီတွေ သယ်ဖို့အခက်အခဲအပြင် ဒီနှစ်မိုးတွင်းကာလ မိုးကြီးမြေပြိုမှုတွေကြောင့် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ထဲက မြို့နယ်အတော်များများကို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ထားတာဖြစ်ပြီး လက်ရှိမှာတော့ မြစ်ကြီးနားမှာ MytelAtom ဖားကန့်မြို့နယ်ကအချို့နေရာတွေမှာMPT ၊ပူတာအိုမှာ Ooredoo နဲ့ Atom ရနေပြီး ခေါင်လန်ဖူးမြို့နယ်မှာ MEC သာရရှိကာ ကျန်တဲ့မြို့နယ်တွေမှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button